စစ်ကောင်စီ စခန်းလေးခုနှင့် ပန်ဆိုင်း နယ်စပ်ဂိတ်ကို သိမ်းနိုင်ခဲ့သည်ဟု MNDAA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Nov 21, 2023

၁၀၂၇ စစ်ဆင်ရေး (၂၄) ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ကိုးကန့်ဒေသ ရွှင်မာလင် တလျှောက်ရှိ စစ်ကောင်စီ၏ တပ်စခန်း ‌လေးခုကို သိမ်းယူနိုင်ခဲ့သည်ဟု ကိုးကန့်တပ် (MNDAA) ၏ ယ‌နေ့ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကန့်တပ် (MNDAA) များ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် သိမ်းယူနိုင်ခဲ့သော စခန်းများမှာ နံနက်ပိုင်း (၁၀) နာရီ (၅၀) မိနစ် ဝန်းကျင်တွင် ရွှင်မာလင်ရွာတင် အခြေချသော စစ်ကောင်စီတပ်စခန်း၊ ညနေပိုင်းတွင် ဒရုန်း၏ ပစ်ကူမှုဖြင့် လန့်ထမ်၊ ရှောက်ထမ်ချင်းနှင့် လူရွှေ စသည့် စခန်းသုံးခု စုစုပေါင်း စခန်းလေးခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် အခြေချထားသော စစ်ကောင်စီတပ်များကို ကိုးကန့်တပ် (MNDAA) နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက်ပိုင်း (၁၁) နာရီ (၄၆) မိနစ်တွင် အဆိုပါ နယ်စပ်ဂိတ်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်ဟုလည်း သိရသည်။

 

အဆိုပါနေ့တွင်ပင် တုန်းရှမ်းဒေသ မန်ချင်၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု တာလုံတည်နေရာတို့တွင် နံနက် (၉) နာရီ (၃၀) မိနစ်မှ (၁၁) နာရီထိနှင့် နေ့လယ် (၁၂)နာရီ (၁၃) မိနစ်ခန့်  အချိန်နှစ်ခုကြားတွင် ကိုးကန့်တပ်(MNDAA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို ည (၇) နာရီ (၇) မိနစ်ခန့်တွင်လည်း မူပန် (သိန္နီ) ဒေသရှိ နန့်ပုံအခြေစိုက် စစိကောင်စီတပ်ရင်း (၂၉၁) စခန်းကို ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ခဲ့သေးသည်ဟုလည်း ဖော်ပြထားသည်။

 

ညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီဟု ကြေညာခဲ့သည့် အောက်တိုဘာ (၂၇) မှ ယနေ့ နိုဝင်ဘာ (၂၁) ရက်အထိ (၂၆) ရက်တာအတွင်း ရှမ်းမြောက်တခွင်တွင် စစ်ကောင်စီသည် မြို့ (၇) မြို့၊  အခြေစိုက်တပ်စခန်းပေါင်း (၁၇၀) ကျော်အထိ လက်လွှတ်ထားရပြီဖြစ်သလို၊ သံချပ်ကာကား၊ ဟောင်ဝှစ်ဇာအမြောက်များ၊ အတွဲလိုက် ဒုံးတင်ယာဉ်များအပါအဝင် လက်နက်ကြီး လက်နက်ငယ် ခဲယမ်းမြောက်မြားစွာကိုလည်း လက်လွှတ်နေရပြီဖြစ်သည်။

 

အထိနာနေသည့် စစ်ကောင်စီတပ်သားများကလည်း စိတ်ဓာတ်ကျဆင်းကာ သေချာမတိုက်ပဲ လက်ချအညံ့ခံခြင်းများရှိနေသလို တပ်ရင်းလိုက် လက်နက်ချအလင်းဝင်ခြင်းများလည်း ရှိခဲ့ပါသည်။ ထို့ကြောင့် ကိုးကန့်တပ် (MNDAA) ၏ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီနှင့် ဆက်လက်မပူးပေါင်းပဲ ပြည်သူ့ရင်ခွင်ခိုလှုံကာ ပြည်ထောင်စုတော်လှန်ရေးလမ်းစဉ်ထဲ ပါဝင်လာသင့်သည်ဟုလည်း နှိုးဆော်တိုက်တွန်းထားပါသည်။