စစ်ကောင်စီ၏ ရဟတ်ယာဥ် တိုက်ခိုက်ခံရပြီးနောက် ရှားတောမြို့အား ပြာချပစ်မည်ဟု စစ်ကောင်စီဗျူဟာမှူး ခြိမ်းခြောက်

Author ခေတ်နီ
Categories
Published on Oct 20, 2022

ကရင်နီပြည် ရှားတောမြို့နယ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး တိုက်ခိုက်ခံရပြီးနောက် စစ် ကောင်စီဗျူဟာမှူးမှ ရှားတောမြို့အား ပြာချပစ်မည် ဟုခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်ဟု ကရင်နီတပ်မတော် K.Aမှ ထုတ်ပြန်ထားသည်။

ရှားတောမြို့မှ အထိုင်ချတပ်စွဲထားသည့် ခလရ ၄၂၈ တပ်ရင်းနှင့် ဗျူဟာကုန်းအတွက် ရိက္ခာလာပို့သည့် ရဟတ်ယာဥ်တစ်စီးကို ကရင်နီတပ်မတော် KAနှင့် ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF တပ် ရင်း ၁၇တို့က ယမန်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တာပဲ ဖြစ်သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး နှင့် အသက် ၅၀ ကျော် အရပ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာ ရခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ဗျူဟာမှူးမှ ရှားတောမြို့ပေါ် အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားပါက ရှားတောမြို့တစ်မြို့လုံးအား ပြာချပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့မှုများလုပ်ဆောင်ခဲ့ကြောင်း KA၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွိုင်ကော် မှ ရှားတောမြို့သို့ သွားလာနိုင်သည့် စစ်ကောင်စီ၏ လမ်းကြောင်းများကို KNDF B17 နှင့် KA တို့မှ လွန်ခဲ့သည့် လတချို့ကစပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊တပ်စခန်းများကို မကြာခန တိုက်ခိုက်ခြင်း နှင့် စစ်ကောင်စီတပ်၏ ရိက္ခာလမ်းကြောင်းများ ဖျက်စီးခြင်းများကို လုပ်ဆောင်နေခဲ့တာပဲ ဖြစ်သည်။