စစ်ကောင်စီတပ်သားများ ဘေးတွဲဆိုင်ကယ်ဖမ်းလျှင် ပြန်မပေးဘဲ အစီးရေရာနှင့်ချီဖြင့် ပုဒ်ပြတ်ပြန်ရောင်းထုတ်

Author ကိုထက်
Categories
Published on Jan 11, 2024

ရန်ကုန်မြို့က မြို့နယ်အချို့ရှိပြည်သူများ သွားလာရေးတွင် အသုံးပြုမှုများပြားသော ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီ တပ်သားနှင့် ရဲများ ဖမ်းဆီးပါက ပြန်မပေးဘဲ အပြီးသိမ်းဆည်းပြီးနောက် အစီးရေရာနှင့်ချီကို ပုဒ်ပြတ်စနစ်ဖြင့် ပြန်လည်ရောင်းချလေ့ရှိကြောင်း ဘေးတွဲဆိုင်ကယ်ပြေးဆွဲသူများနှင့် ဝယ်ရောင်းများထံမှ သိရသည်။

 

ယာဉ်ထိန်းရဲ ဖမ်းဆီးပါက ဒဏ်ငွေပေးရုံဖြင့် ပြီးပြတ်သော်လည်း ရဲနှင့် စစ်သားများ ပူးပေါင်းဖမ်းဆီးပါက ဆိုင်ကယ်ပင်ပြန်ရရန်ခက်ခဲကြောင်း ဘေးတွဲပိုင်ရှင်များက ဆိုသည်။

 

“ဖမ်းတာကတော့ ယာဉ်ထိန်းရဲပဲဖမ်းရင် ဒဏ်ငွေလေး၊ ဘာလေးဆောင်လိုက်ရင် သူတို့က ရတယ်။ ပြီးပြတ်တယ်ပေါ့။ ရဲနဲ့ စစ်သားပါ ပါလာရင် ဆိုင်ကယ်ပါပြန်မရဘူး။ ပြန်ယူချင်ရင် အကပ်နဲ့မှ အဆင်ပြေတယ်။ အဲဒါသိတဲ့သူကလိုက်ပြီး သွားပြန်ထုတ်မှ။ ဒါတောင် တော်တော်တောင်းတောင်းပန်ပန်နဲ့ပါ” ဟု တောင်ဥက္ကလာပမြို့နယ်က ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်များကို ဆင်ခြေဖုံးမြို့နယ်များတွင် စစ်ကောင်စီတပ်သားများက လိုင်စင်ထုတ်ပေး၍ စီးနင်းစေမှုများရှိသော်လည်း ဗျူဟာမှူး အပြောင်းအလဲပေါ် မူတည်၍ အမျိုးမျိုးပြောင်းလဲလေ့ရှိကြောင်း သိရသည်။

 

“သူတို့ပဲ လိုင်စင်တွေကို ပိုက်ဆံတွေသွင်းခိုင်းပြီး လုပ်ထားခိုင်းပြီး။ ပြီးရင် သူတို့စားစရာမရှိဘူးဆိုရင် ဖမ်းတယ်။ ငွေညှစ်တယ်။ အခုက ဆီဈေးတွေကြီး၊ ဝယ်မရ ခရီးသည်ကလည်း သိပ်မစီးကြတဲ့အခါကျတော့ တော်တော်လေးကို အဆင်မပြေဘူးပေါ့” ဟု လှိုင်သာယာမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် မြို့တွင်းမြို့နယ်များမှလွဲပြီး ဘေးတွဲဆိုင်ကယ်များကို စစ်ကောင်စီက စီးနင်းခွင့်ပြုထားသည့် သဘောရှိသော်လည်း ရန်ကုန်ပျောက်ကြားအဖွဲ့များ၏ စစ်ကောင်စီပစ်မှတ်များ ဖောက်ခွဲတိုက်ခိုက်ခံရပါက ဖမ်းဆီးလေ့ရှိသည်။

 

ထိုသို့ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်သားများသည် ပုဒ်ပြတ်ဖြင့် ပြန်ရောင်းလေ့ရှိကြောင်း ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ် ဝယ်ရောင်းလုပ်သူများထံမှ သိရသည်။

 

“တစ်ခါပေးရင် အစီးရေရာနဲ့ချီယူရတယ်။ တစ်စီးကို နှစ်သိန်းဆို နှစ်သိန်း၊ လေးသိန်းဆို လေးသိန်း ဈေးဖြတ်ပြီး ယူရတာ။ ကောင်းတာလည်း ပါသလို ဆိုးတာတွေလည်း ပါတယ်။ ဒါပေမဲ့ ယူတဲ့သူတွေအတွက်က ကိုက်ပါတယ်” ဟု ရန်ကုန်ဆင်ခြေဖုန်းမြို့နယ်တစ်ခုမှ လုံခြုံရေးအရ အမည်နှင့် နေရပ်မဖော်လိုသူ ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ပြောသည်။

 

ထိုသို့ ရောင်းချမှုများကို ညပိုင်းများတွင် တွေ့မြင်ရလေ့ရှိပြီး ကားကြီးကားငယ်များဖြင့် လာရောက်သယ်ယူသွားလေ့ရှိကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

“ကျွန်တော်တို့က အမြဲတမ်းဖြတ်သွားဖြတ်လာဆိုတော့ သိတယ်။ လိုင်းကားပေါ်ကပဲဖြစ်ဖြစ်၊ ဘေးတွဲနဲ့ပဲဖြစ်ဖြစ်၊ စက်ဘီးနဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒီနေ့ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ အများကြီးရှိနေတာမြင်ရတတ်ပေမယ့် နောက်နေ့ဆိုမရှိသလောက်ဖြစ်သွားတတ်တာမျိုး သတိထားမိတယ်။ ညပိုင်းမှ လာလာဝယ်ကြတာလေ။ ဝယ်တဲ့သူတွေကလည်း သူတို့(စစ်ကောင်စီ)နဲ့ ပေါင်းစားတယ်ဆိုတာ သိမှာစိုးလို့။ နေ့ဘက်မလာကြဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီသည် ရန်ကုန်တွင် ငွေရပေါက်ရလမ်းများစွာ ရှိနေသည့်အထဲမှ ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်ဖမ်းဆီးရာမှလည်း ဝင်ငွေဖြောင့်ဖြူးလျက်ရှိသည်။