စစ်ကောင်စီက နှင်ထုတ်မှုကြောင့် ပဲခူးရိုးမတောင်ခြေမှ ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိ

Author Gold ၊ မင်းထက်
Categories
Published on Feb 04, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှု​များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသော စစ်ရှောင်ပြည်သူများ အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါး  လိုအပ်လျက်ရှိကြောင်း ဒေသခံများ နှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

 

စစ်ကောင်စီက ပဲခူးရိုးမအနီးရှိ ရွာအများစုကို PDF များခိုအောင်းနေသည်ဟု စွပ်စွဲကာ အပြစ်မဲ့ အရပ်သားပြည်သူများကို သေနတ်ဖြင့်ချိန်၍ ရိုက်နှက်ကာ ခြိမ်းခြောက်မောင်းထုတ်နေခြင်းကြောင့် ဒေသခံ ပြည်သူ ၂၀၀ ကျော်သည် နီးစပ်ရာ တော်လှန်ရေးတပ်စခန်းများ အပြင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

 

“သူတို့စိုးရိမ်မှုရှိတဲ့ ရွာတွေပေါ့ ၊ ရိုးမနားမှာ မှီနေတဲ့ ရွာတွေ အကုန်လုံးဆို ရွာပေါင်း ၂၀ လောက်ကို အကုန်လိုက်ပြီး ခြောက်လှန့်ပြီးနှင်နေတာပေါ့ ။ခု ဒီဘက်ပြောင်းလာတာကိုက လူပေါင်း ၂၀၀ ဝန်းကျင်လောက်ကို ရှိပြီ၊  တော်တော်ဒုက္ခရောက်နေပါတယ် ခုလဲ လာရှောင်နေကြဆဲ တဖွဲဖွဲလာနေတာပဲ၊ ဒီနားပတ်လည်က စခန်းတွေမှာကို ခုလည်း ထွက်ပြေးလာနေကြရတယ် ” ဟု စစ်ရှောင်ပြည်သူ တစ်ဦး က CJ Platform သို့ ပြောသည်။

 

စစ်ရှောင်အရပ်သားပြည်သူများတွင် ငါးနှစ်ဝန်းကျင်ကလေး ၇၀ ယောက် ခန့်၊  အသက် ၈၀  အရွယ်  ၁၅ ယောက်ခန့်ရှိကြောင်း ၊  ဆေးဝါးများကို မျှဝေသုံးစွဲနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ အောက်ဖို တပ်ခွဲ(၄) မှ ဘဏ္ဍာရေးတာဝန်ခံ ကိုနောင်ကြီး ကပြောသည်။

 

အုတ်ဖိုမြို့နယ်အတွင်း မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ထိတွေ့မှုများရှိနေကြောင်း ၊ ယခု နှစ်ဆန်းပိုင်းမှ စတင်ကာ အုတ်ဖိုမြို့နယ် အပါအ၀င် ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများ တိမ်းရှောင်ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က တော်လှန်ရေးသမားများနှင့် အရပ်သားပြည်သူများကို မခွဲခြားနိုင်ခြင်းကြောင့် လည်းကောင်း ၊  ရိုးမပေါ်တွင် တပ်စွဲထားသော ရဲဘော်များကို ရိက္ခာဖြတ်တောက်စေလို၍လည်းကောင်း  ၊ စစ်ရေးအတွက် ရည်ရွယ်ပြီး ယခုဒေသများကို ဖယ်ခိုင်းခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်များက မှတ်ချက်ပြုပြောဆိုသည်။

 

ယခင်က စစ်ရှောင် အိမ်​ထောင်စု ၂၀ ခန့်မှ  လူဦးရေ ၇၀  ဝန်းကျင်ခန့် သာရှိပြီး ယခုနှစ်အတွင်း စစ်ရှောင်မိသားစုအရေအတွက် များပြားလာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ နှင့် အခက်ခဲများစွာ တွေ့ကြုံနေရကြောင်း စစ်ရှောင်များကို ကူညီဆောင်ရွက်နေသော မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ အောက်ဖို တပ်ခွဲ(၄) မှ ဘဏ္ဍာရေးတာဝန်ခံ ကိုနောင်ကြီး ကပြောသည်။

 

“ဒုက္ခသည်အခက်အခဲကတော့ အများကြီးရှိတာပေါ့ လူအင်အားကလည်း ကလေး၊ လူကြီး ၂၀၀ လောက်ဆိုတော့ ရိက္ခာပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး အခက်အခဲတွေရှိတယ် ကျွန်တော်တို့မှာ တစ်နှစ်စာ စုဆောင်းထားတဲ့ ရိက္ခာလေးတွေကို ချကျွေးနေရတာပေါ့” ဟု  ကိုနောင်ကြီး ကပြောသည်။

 

မြေအောက်ပြောက်ကျားတပ်ဖွဲ့၊ အောက်ဖို တပ်ခွဲ(၄)တွင် ရိက္ခာအဖြစ် စုဆောင်းထားသော ဆန်အိတ် ၆၀ သာရှိကြောင်း ၊ စစ်ရှောင်ဦးရေ ၂၀၀ နီးပါးနှင့်  ရဲဘော် ၂၀၀ ကျော်အတွက် တစ်ရက်လျှင် ဆန်နှစ်အိတ်နှုန်း ကုန်ကျလျက်ရှိနေကာ ရေရှည်အတွက် ရိက္ခာအခက်ခဲများ ကြုံတွေ့လာနိုင်င်ကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ယမန်နှစ် ၂၀၂၃ ခုနှစ် မတ်လမှ စတင်၍ အုတ်ဖိုမြို့နယ်အတွင်းရှိကျေး ရွာများကို စစ်တပ်က PDF များကို ထောက်ပံ့ရေးလုပ်သည်ဟု စွပ်စွဲ၍ ရွာများကိုမီးတင်ရှို့ခြင်းစသော အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည်။

 

ဓာတ်ပုံ – ကိုနောင်ကြီး