စစ်ကောင်စီက တိုက်ပွဲမဖြစ်၊ လူမရှိသည့် ပင်လောင်း၊ နန်းတုတ်ရွာကို ဗုံးကြဲ

Published on Mar 23, 2024

ပအိုးဝ်ဒေသကို ဖျက်ဆီးနေသော စစ်ကောင်စီသည် ယမန်နေ့ မတ်လ ၂၂ ရက်နေ့က ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို တိုက်ပွဲမဖြစ်၊ လူမရှိသော်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကျေးရွာကို ညသန်းခေါင် ၁၂ နာရီခန့်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့သည့်အတွက် နေအိမ် ငါးလုံးနှင့် ဆေးခန်းတို့ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ ပြောသည်။

 

“နေအိမ်တွေနဲ့ ဆေးခန်းတော့ ထိခိုက်ပျက်စီးကုန်တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ဘာလို့လဲဆိုရင် အဲဒီရွာကို အရင်က စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ဖူးတော့ လူတွေက ကြောက်လို့ ရှောင်နေကြတော့ လူမထိခိုက်ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေတပ်သည် ပအိုဝ်း​ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့တို့ကို လက်နက်ကြီးများ၊ လေယာဉ်များ၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ခွန်ရိန်းယံက ပြောသည်။

 

မတ်လ ၂၀ ရက်နှင့် ၂၁ ရက်တို့က စစ်ကောင်စီသည် ဆီဆိုင်နှင့် ဟိုပုံးမြို့ရှိ မဲနယ်တောင်ဒေသတို့ကို Y12 နှင့် ဂျက်တိုက်လေယာဉ်တို့ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး နှစ်လုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀ဝ ခန့်အထိ ကြဲချဖျက်ဆီးခဲ့သည်။

 

ဓာတ်ပုံ – PNLA