စစ်ကောင်စီကင်းစင်ဒေသဖြစ်စေရန် ကြိုးပမ်းနေသည့် ပလက်ဝဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်

Author အဂ္ဂ
Categories
Published on Jan 10, 2024

ချင်းပြည်၊ ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်ဒေသဖြစ်လာရန် ဆက်လက်ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော်၏ ယမန်နေ့(ဇန်နဝါရီ ၉ ရက်) ည (၁၀) နာရီ (၁၅)မိနစ်တွင်ထုတ်ပြန်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာာကုန်းနှင့် စခန်းအများအပြားကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားနိုင်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော် AA က ကြိုးပမ်းနေသည့်အတွက် ယမန်နေ့ တစ်နေ့လုံး ပလက်ဝမြို့အနီးတစ်ဝိုက်တွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းပစ်ကူများကိုပါသုံးကာ ပလက်ဝဒေသကို လက်မလွှတ်ရရေးအတွက် အပြင်းအထန် ခုခံနေသည်ဟု AA က ဆိုသည်။

 

ပလက်ဝဒေသထိန်းချုပ်နိုင်ရေးတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အထိနာနေပြီး ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်း၊ ထရွန်အိုင်ဗျူဟာကုန်း၊ ခဝဲဗျူဟာကုန်းများအပါအဝင် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း (၂၀)ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ရာတွင် ဟောင်ဝှစ်ဇာအမြောက်များအပါဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ လက်နက်ခဲယမ်းအမြောက်အမြား၊ စစ်အသုံးအဆောင်အမြောက်အမြားကိုလည်း သိမ်းဆည်းထားနိုင်ကြောင်း သိရသည်။

 

ရက္ခိုင့်တပ်တော်၏  ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည်ဟု ဆိုထားပြီး ဇန်နဝါရီ (၆) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပလက်ဝမြို့အနီးရှိ စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၀၈ တပ်ရင်း၏ စခန်းတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း ပုံနှင့်တကွ  ထုတ်ပြန်ပြသထားသည်။

 

ထို့ပြင် ပလက်ဝနှင့် ကျောက်တော်အစပ်ရှိ စစ်ကောင်စီ၏ မီးဝဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော်က ပလက်ဝဒေသသိမ်းတိုက်ပွဲများနှင့် တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် အဆိုပါ ဒေသတွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်များစွာ လာရောက်ဗုံးကြဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရက္ခိုင်ပြည် မြောက်ဦးဒေသတွင်လည်း ယမန်နေ့က စစ်ကောင်စီ၏ ခမရ (၅၄၀)မှ တပ်သားအင်အား (၅၀) ခန့်နှင့် ရက္ခိုင့်တပ်တော်တို့အကြား သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၅) ဦးထက်မနည်းကျဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိနိုင်သည်ဟု သိရသည်။

 

အထိနာသဖြင့် မြောက်ဦးမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာပြေးသည့် စစ်ကောင်စီတပ်သားများသည် လမ်းတွင်တွေ့သည့် မြောက်ဦးဒေသခံ သုံးဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ဆုတ်ခွာခဲ့ပြီး တပ်ရင်းအရောက်တွင် အဆိုပါ အရပ်သား သုံးဦးစလုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ယမန်နေ့ညနေပိုင်းတွင်လည်း ခမရ(၅၄၀) တပ်ရင်းမှ မြောက်ဦးမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သား တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထိုကဲသို့ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

AA သည် အောက်တိုဘာ (၂၇) ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင်ပြည်နှင့် ချင်းပြည်ရှိ မြို့နယ် (၁၆) မြို့နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၅၀) ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။ ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်မတော် (TNLA) တို့ကဲ့သို့ မြို့များကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသော်လည်း လက်ရှိတွင် ချင်းပြည် ပလက်ဝဒေသကို အလုံးစုံထိန်းချုပ်နိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။

 

ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် ပလက်ဝဒေသ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင် နယ်မြေဖြစ်ရန် ကြိုးပမ်းသည့်အနေဖြင့် ပလက်ဝဒေသတွင်ကျန်ရှိနေသော စခန်းများကို တိုက်ခိုက်သွားမည်ဟု ဇန်နဝါရီ (၈) ရက်နေ့ ထုတ်ပြန်ချက်တွင် အတိအလင်းကြေညာထားသည်။