စစ်ကိုင်းက PDF စခန်းကို စစ်ကောင်စီ မီးတင်ရှို့၊ ကြိုရှောင်ထား၍ လူထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်းများအပါအဝင် သိန်း ၃၀၀ ကျော်ဖိုးခန့် ပျက်စီးဆုံးရှုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားနေအိမ်များအပါအဝင် ယင်းဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်စခန်းကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံနှင့် PDF တာဝန်ရှိသူတစ်ဦးတို့က CJ Platform သို့ ပြောသည်။
ထိုသို့မီးရှို့ခဲ့ရာတွင် PDF စခန်းမှ တော်လှန်ရေးရဲဘော်များ သတင်းကြိုရ၍ ရှောင်တိမ်းနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းနှင့် ကားများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်ပျက်စီးဆုံးရှုံးသကဲ့သို့ ကျေးရွာအတွင်းရှိ နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့သည့်အပြင် မပြေးနိုင်သည့် အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
” နေအိမ်က ၆၈ လုံးလောက်ဖြစ်မယ်။၊ မပြေးနိုင်တဲ့ အသက် ၈၀ အဘွားအိုတစ်ဦးသေတယ်။ မိန်းကလေးတစ်ဦး လက်နက်ကြီးမှန်တယ်။ ခြေထောက်ဖြတ်ရမယ့် အနေအထားလို့ သိထားတယ်။ ပေါက္ကားကို မီးရှို့အပြန် ကင်းရွာက နေအိမ်နှစ်လုံး၊ ညောင်ပင်သာရွာက နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ် ” ဟု ပေါက္ကားရွာခံတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်၀န်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစခန်းမှ စစ်ကြောင်းသည် ပြီးခဲ့သည့်ဇန်န၀ါရီလ ၁၃ ရက်က နံနက် ၉ နာရီခန့်က ပေါက္ကားကျေးရွာရှိ PDF စခန်းကိုမီးရှို့ပြီးနောက် နံနက် ၁၀ နာရီခန့်တွင် ရှာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၆ နာရီခွဲခန့်တွင် ယင်းစစ်ကြောင်း ပေါက္ကားကျေးရွာသို့ မ၀င်ရောက်မီ ရှေ့ပြေးထွက်လာသော စစ်ကောင်စီတပ်သား သုံးဦးကို လက်ဦးမှုရယူကာ ပစ်ခတ်ခဲ့ရာ တစ်ဦးမျက်မြင်လဲကျသွားကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးများပစ်ခတ်၍ စစ်ကြောင်းခွဲကာ ရွာတွင်းသို့ စီးနင်း၀င်ရောက်လာကာ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို မီးရှိူ့ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောသည်။
ထိုအချိန်တွင် PDF တပ်ဖွဲ့များ၏ အဝေးတစ်နေရာမှ တာဝေးပစ်နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စခန်းတွင်း ကျန်ရှိနေသည့် မိုင်းများကွဲသည့်အတွက် စစ်ကောင်စီတပ်သားများသည် စခန်းကို တစ်ပိုင်းတစ်စ မီးအလျင်အမြန်ရှို့ပြီး ဆုတ်ခွာသွားကာ ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များကို ဆက်လက်၍ မီးတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စခန်းက ကျန်ခဲ့တဲ့လက်နက်တွေတော့ ယူမသွားဘူး။ လက်နက်ဘယ်လောက်ရှိတယ်။ ရေတွက်သွားတာလောက်ပဲ။ အပြန်လမ်းမှာ 4 Weels ကားတစ်စီး၊ အန်စာတုံးကားတစ်စီး၊ ဒရန်းဘီး တစ်စီး၊ ထရပ်ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တိုက်နယ်စွန် PDF အဖွဲ့က သိန်း ၃၀၀ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်” ဟု ယင်းအဖွဲ့ပြန်ကြားရေးတာ၀န်ခံက ဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်း ညောင်ပင်ဝန်းစခန်းသို့ပြန်လာချိန် ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း Black Eagle Defence Force-MMU အဖွဲ့က ထုတ်ပြန်ထားသည်။