ဂန္ထဝင် ရုပ်ရှင်မင်းသမီး/အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်

Author မင်းထက်
Categories
Published on Jan 09, 2024

မြန်မာသံစဥ် ဂန္ထဝင် အဆိုတော်အဖြစ်ကျော်ကြားသကဲ့သို့ ရုပ်ရှင်မင်းသမီးတစ်ဖြစ်လည်း ထင်ရှားသော ဒေါ်မာမာအေးသည် ယနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း သိရသည်။

 

ဒေါ်မာမာအေးသည် ယနေ့ ဇန်နဝါရီ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၅၈ မိနစ်ခန့်က အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ထ်ဝိန်းမြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင်နီးစပ်သည့် အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။

 

၎င်းဆုံးပါးမှုနှင့်ပတ်သက်၍ မြန်မာ့ဂီတလောကတွင် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့်ဂီတလောကအသိုင်းအဝိုင်းက လူမှုကွန်ရက်တွင် အသိပေးပြောဆိုလာကြသည်။

 

ဒေါ်မာမာအေးကို  ၁၉၄၂ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)တို့မှ ဖွားမြင်ခဲ့ပြီး ယခု အသက် ၈၁ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

 

ဒေါ်မာမာအေးသည် အသက် ၃ နှစ်ကျော်မှစ၍ “ခေတ်သစ် ရာဇဝင်ပြဇာတ်အဖွဲ့”တွင် သီချင်းဆို၊ ပြဇာတ်ကခဲ့ပြီးနောက် အသက် ၈ နှစ်အရွယ်တွင် ရေဒီယိုမှ စတင်အသံလွှင့်ခဲ့သည်။

 

၎င်းသည် ၁၉၅၅ ခုနှစ်တွင်ထွက်ရှိခဲ့သည့် “သက်တန့်ပေါ်မှာ ကစားမယ်” သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာခဲ့ပြီး မေ့ကွက်ကိုရှာ၊ သျှောင်နောက်ဆံထုံးပါ စတသည့်သီချင်းများသည် အလွန်ကျော်ကြားသကဲ့သို့ ရုပ်ရှင်ဘက်တွင် မြခြူသံ၊ သူ့ကိုမှချစ်သည်၊ မန်ဒါလီ စသည့်ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

 

ဒေါ်မာမာအေး ထုတ်လွှင့်ထွက်ရှိခဲ့သော ရေဒီယိုတေးဓာတ်ပြားတေးစုနှင့် ရုပ်ရှင်တေးများ စုစုပေါင်း ၅၀ ကျော်ရှိခဲ့သည်။