ချင်းကောင်စီနှင့် သဘောထားမတိုက်ဆိုင်သည့် ကန်ပက်လက်နှင့် မရာအဖွဲ့တို့ ချင်းညီနောင်အဖြစ်ပူးပေါင်း၊ ထပ်မံပူးပေါင်းမည့် အဖွဲ့များရှိနေဟုဆို

Author လဂွန်းအိမ်
Categories
Published on Feb 02, 2024

အဖွဲ့ကွဲနေသော ချင်းပြည်နယ်တွင် ချင်းကောင်စီနှင့်သဘောထားမတိုက်ဆိုင်သည့် CDF ကန်ပက်လက်နှင့် Maraland Defense Force(MDF)တို့ ချင်းညီနောင်အဖွဲ့အဖြစ် ပူးပေါင်းလိုက်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။

 

ချင်းပြည်အစိုးရ ဖွဲ့စည်းရာတွင် တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့်အတူ ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် စစ်ရေး၊ နိုင်ငံရေးတို့တွင် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်သစ်များက ဆိုသည်။

 

ချင်းညီနောင်အဖွဲ့အဖြစ် ထပ်မံပူးပေါင်းလာမည့်အဖွဲ့များရှိနေသေးပြီး ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ချင်းညီနောင်အဖွဲ့တစ်ခုဖြစ်သော CDF Mindat ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform သို့ ပြောသည်။

 

“ နောက်ထပ်ပူးပေါင်းလာမယ့် တပ်ဖွဲ့တွေလည်းရှိပါသေးတယ်။ ထုတ်ပြန်ချက်တွေ လာဦးမှာပါ။ စစ်ရေး နိုင်ငံအရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဆလိုင်းယောမာန်က CJ Platform သို့ ပြောသည်။

 

ထိုကိစ္စနှင့်ပတ်သက်၍ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တွင် ဆွေးနွေးနေပြီး ဖွဲ့စည်းထားသည့် ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီများမှတစ်ဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်/ကျေးရွာများနှင့်ချိတ်ဆက်ပြီး တဖြည်းဖြည်း ဆက်လက်အကောင်အထည်‌ပေါ်လာသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

 

Zomi Federal Union(ZFU)/PDF Zoland ၊ Chin Nation Organization CNO/CNDF ၊ Chin Nation Council(Mindat)/CDF-Mindat တို့သည် ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့အဖြစ် ကြေညာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် Maraland Defense Force(MDF)နှင့်အတူ CDF-Kanpetlet တို့မှ ထပ်မံပူးပေါင်းလာခဲ့ခြင်းဖြစ်သည်။

 

တပ်ရင်း ၇ ရင်းရှိသော CDF ကန်ပက်လက်အဖွဲ့မှ ၅ ဖွဲ့က တော်လှန်ရေးရဲဘော်များသည် ချင်းညီနောင်အတွင်းသို့ ပူးပေါင်းလာကြခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

CDF ကန်ပက်လက်အဖွဲ့ ချင်းညီနောင်အဖြစ် ပါဝင်လာခြင်းအပေါ် ကြိုဆိုပြီး စစ်အာဏာရှင်ကျဆုံးသည်အထိ သစ္စာမပျက် အတူတကွတိုက်ပွဲဝင်သွားမည့် မဟာမိတ်များအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ကြောင်း CDF Mara က ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

 

မရာဒေသတွင်း ကျေးရွာ ၄၉ ရွာရှိသည့်အနက် ၄၆ ရွာကို MDF မှ ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်နေပြီး ကျန် သုံးရွာကိုအခြေခံ၍ CDF Mara မှ အုပ်ချုပ်ရေးနယ်မြေအဖြစ် ထိန်းချုပ်ထားကြောင်း CJ Platform ကို MDF က ပြန်လည်ဖြေဆိုထားသည်။

 

၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ချင်းပြည်နယ်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်းနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ချင်းပြည်ကောင်စီ(Chinland Council)ဟူသော ယှဉ်ပြိုင်ဖွဲ့စည်းခဲ့ပြီးနောက် ချင်းလူမျိုးများကြား သဘောထားကွဲလွဲမှုများ ကျယ်ပြန်လာခဲ့ရာမှ Chinland Council နှင့် သဘောထားမတိုက်ဆိုင်သော တော်လှန်ရေးတပ်ဖွဲ့များ ICNCC အောက်ရှိ ချင်းညီနောင်အဖွဲ့ထံသို့ ပူးပေါင်းလာခဲ့ကြသည်။

 

ဓာတ်ပုံ – CNDF