ခင်ဦးရှိ ဘီလူးစစ်ကြောင်း အရပ်သားသုံးဦးကို သတ်ဖြတ်

Author ခေတ်နီ
Categories
Published on Feb 02, 2024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ဝင်ရောက်နေသော စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် ယမန်နေ့(ဖေဖော်ဝါရီလ ၁ ရက်)က အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ရေဦးမြို့နယ်မှထွက်လာသည့် စစ်ကောင်စီတပ်၏ ခမရ ၇၀၈ ၊ ခလရ ၇၁  တို့ပူးပေါင်းထားသည့် အင်အား ၁၀၀ ဝန်းကျင်ပါ ဘီလူးစစ်ကြောင်းသည် ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များ ဖျက်ဆီးခြင်းအပြင် အရပ်သားသုံးဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သတ်ဖြတ်ခံရသည့် အရပ်သားများသည် ကင်းပစ်၊ ကလုံနှင့် သရက်ကုန်းကျေးရွာတို့မှဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သည့် ကလုံကျေးရွာအနီးတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

 

ထို့ပြင် အဆိုပါစစ်ကြောင်းသည် ကလုံရွာရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် သာဝတ္ထိကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၁၀၀ နီးပါးကိုဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“ကလုံရွာကိုဝင်ပြီး ရွာအရှေ့ရော၊ အနောက်ခြမ်းရောကို မီးရှို့သွားတယ်။ လူသုံးယောက်ကိုလည်းသတ်သွားတယ်။ မီးရှို့ခံရတာတော့ ဆယ်နဲ့တော့ချီတယ်။ အဲ့င်္ဒီစစ်ကြောင်းက (ဇန်နဝါရီ)၁၅ ရက်နေ့ကနေစပြီး ရေဦးထဲမှာလှုပ်ရှားနေတာ။ မနေ့(ဖေဖော်ဝါရီ ၁ ရက်)ညကတော့ သာဝတ္ထိမှာပဲရှိနေတာ။ ရေဦးနဲ့ ဒီပဲယင်းနယ်တွေထဲကို အရင်လတည်းက နယ်မြေရှင်းသလိုဝင်စီးနေတာ” ဟု ခင်ဦးဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါဘီလူးစစ်ကြောင်းဝင်ရောက်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ တစ်သောင်းဝန်းကျင် နေရပ်စွန့်ခွာ ဘေးလွတ်ရာသို့တိမ်းရှောင်နေရပြီး အရပ်သား ၁၅ ဦးထက်မနည်းကိုလည်း ထိုစစ်ကြောင်းမှ ဖမ်းဆီးသွားကြောင်း သိရသည်။

 

အဆိုပါ ဘီးလူးစစ်ကြောင်းသည် ညအချိန်များတွင်သာ အဓိကလှုပ်ရှားကာ စစ်ကြောင်းထိုးသည့်အတွက် ဒေသခံများအနေဖြင့် ညအိပ်ချိန်များတွင်ပါ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။