ကျောက်လှေခါး စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ ဘန်ကာနှင့် အဆောက်အအုံ နှစ်လုံးပျက်စီး

Author မင်းထက်
Categories
Published on Apr 01, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး စစ်ကောင်စီဂိတ်မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် တော်လှန်ရေးအင်အားစုများမှ တုံ့ပြန် ပစ်ခတ်ခဲ့ရာ ဘန်ကာနှင့် အဆောက်အအုံ  နှစ်လုံးပျက်စီးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက CJ Platform သို့ပြော သည်။

 

မတ် ၃၀ရက် နေ့လယ် ၁၂နာရီ ၃၀မိနစ်တွင် စစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများမှ ၆၀မမ လက်နက်ကြီးသုံးကာ ဗုံးသီးအစစ်ဖြင့် လေးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်တပ်ဂိတ်စခန်းအတွင်းသို့ ဗုံးသီးလေးလုံး တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ဘန်ကာများနှင့် စစ်သားများနေထိုင်ရာ အဆောက်အအုံနှစ်ခု ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

“အင်အားကတော့ အတိအကျမရှိဘူး အစိတ်သုံးဆယ် လောက်ရှိတဲ့ခါရှိသလို လေးငါးဆယ်ရှိတဲ့ခါလည်း ရှိတယ်။ အရင်ကသူတို့တွေ ရမ်းသန်းပစ်ခတ်မှုတွေကြောင့်လဲ အထိုင်စခန်းရဲ့ အနီးနားပတ်လည် ကျေးရွာတွေက လက်နက်ကြီးဒဏ်ကို အများဆုံးခံစားရတယ်”ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောသည်။

 

ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိ၊မရှိ စုံစမ်းနေဆဲဖြစ်ကြောင်း ၊ ယင်းတိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းစစ်သည် ၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF ၊ ညီနောင်သုံးဖော် ၊ ရေစကြိုမြို့နယ် ပလဖ နှင့် King Cobra တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကျောက်လှေခါး ဂိတ်ရှိ စစ်ကောင်စီတပ်သားများသည် အရက်သေစာ မူးရူးသောက်စားကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်မှုများပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၁၅ရက်ခန့်ကလည်း အဆိုပါ စစ်ကောင်စီဂိတ်စခန်းက ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်နှစ်လုံးမီးလောင်ပျက်စီးကာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။