ကျောက်ဖြူရှိ စစ်ကောင်စီ အကြီးဆုံးရေတပ်စခန်းကို ပထမဆုံးအကြိမ် AA တိုက်ခိုက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အကြီးဆုံးရေတပ်ဖြစ်သည့် ဓညဝတီရေတပ်စခန်းကို ယမန်နေ့ ဇန်ဝါရီ ၈ ရက်က တိုက်ခိုက်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းမြို့နယ်ရှိ သစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
“ဖြစ်တာက မနက် ၆ ခွဲ၊ ၇ နာရီလောက်မှာဖြစ်တာ။ အရမ်းကြီးတော့ မကြာလိုက်ဘူး။ နှစ်ဖက်ပစ်ကြတာက တပ်ဖက်က သေတယ်လို့တော့ကြားတယ်။ ကျွန်တော်တို့နဲ့ကျ အဲဒီစခန်းက ဝေးနေတော့ သေချာအသေးစိတ်တော့မသိရဘူး” ဟု ကျောက်ဖြူမြို့ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါရေတပ်စခန်းအနီးတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း AA နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသော်လည်း ယခုကဲ့သို့ ရေတပ်စခန်းကို AA ဘက်က တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ရေတပ်စခန်းတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုများရှိကြောင်း ဒေသခံများကဆိုထားပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။
ဓညဝတီရေတပ်စခန်းသည် ယခင်က စစ်တွေမြို့၌ အခြေစိုက်ခဲ့ပြီး ကျောက်ဖြူတွင် တရုတ်စီးပွားရေးစီမံကိန်းများအကောင်အထည်ဖော်လာမှုကြောင့် ကျောက်ဖြူမြို့နယ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ရခိုင့်တပ်တော် AA အနေဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က မြောက်ဦးမြို့နယ်၊ စစ်ကောင်စီ၏ သင်းကျစ်တော်တောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲ့ယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ရမ်းဗြဲမြို့နယ်တွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။