ကျောက်တော်ရှိ ခမရ (၃၇၄) တပ်ရင်းကို AA တိုက်ခိုက်သိမ်းပိုက်၊ မင်းပြားရှိ ခမရ (၃၇၉) တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရန် ဆက်လက်ကြိုးပမ်းနေ

Author အဂ္ဂ
Categories
Published on Jan 31, 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ အမှတ်(၉) စစ်တင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံ အမှတ် (၃၇၄) ခြေမြန်တပ်ရင်း (ခမရ ၃၇၄) ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့(ဇန်နဝါရီ ၃၀ ရက်) တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ တပ်ရင်းကို  တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်က တစ်ရက်လုံး လေကြောင်းအဆက်မပြတ်အသုံးပြု၍ အပြင်းအထန်ခုခံနေသည့်ကြားမှပင် ရက္ခိုင့်တပ်‌တော်က သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်သည် ဇန်နဝါရီ(၂၈) ရက်နေ့ကလည်း မင်းပြားရှိ စကခ(၉) လက်အောက်ခံ  ခမရ(၃၈၀) တပ်ရင်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အစုံသုံးကာ ခုခံနေသည့်ကြားမှပင် ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

 

လက်ရှိတွင် ခမရ(၃၈၀)တပ်ရင်း နှင့် ကပ်လျက်တည်ရှိသည့် ခမရ (၃၇၉) တပ်ရင်းကိုပါ အပြီးသပ်ဆက်လက်သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော်က ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်အချို့ကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုရက်ပိုင်းတွင် ရက္ခိုင့်တပ်တော်သည်  ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို တစ်ခုမကျန် အပြီးသတ် သိမ်းပိုက်နိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်ကာ ကြိုးပမ်းနေသည့်အတွက် အဆိုပါ မြိုနယ်များတွင် ထိတွေ့တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရမ်းဗြဲမြို့ များ၌မူ အချိုနေ့ရက်များတွင် တိုက်ပွဲငယ် အချို့ဖြစ်ပွားခဲ့သည်မှလွဲ၍ လွန်ခဲ့သောရက်များ၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းမရှိဟု သိရသည်။

အဆိုပါ မြို့များထဲမှ ရမ်းဗြဲမြို့တွင် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားမရှိသော်လည်း မြို့ကိုပျက်စီးစေရန် တမင်ရည်ရွယ်၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများ အဓိကသုံးကာ မြို့ကိုဖျက်ဆီးနေသည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီ၏ ဗုံးဒဏ်ခံနေရသည့် ရမ်းဗြဲမြို့ခံတစ်ဦးကလည်း ” စစ်ကောင်စီ ဗုံးကြဲလို့ ရမ်းဗြဲတစ်မြို့လုံး ပြာကျသွားပါပြီ၊ အခုလည်း နေအိမ်တွေက မီးလောင်နေတုန်းပဲ။ မြို့ထဲက ချောင်းတံတားဆိုရင် ကျိုးပဲ့ ပျက်စီးသွားပြီ။ မီးလောင်နေတာ လူနေအိမ်တွေသာမက မြို့မဈေး၊ ဆေးရုံ၊ စာသင်ကျောင်း အားလုံးလည်း ပျက်စီးသွားပြီ” ဟု မြို့ဖျက်ဆီးခံရမှု အခြေအနေကို CJ Platform သို့ ဇန်နဝါရီ (၂၉) ရက်နေ့က ပြောထားသည်။

 

ယမန်နေ့တွင်မူ စစ်ကောင်စီက ရမ်းဗြဲမြို့အတွင်း အင်အား (၁၂၀) ကျော်ထပ်မံဖြည့်တင်းလိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်အကြား မြိုတွင်းထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။

 

တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်၏ ရုပ်အလောင်း၊ လက်နက်၊ ခဲယမ်းနှင့် လေကြောင်းမှ လက်နက်ခဲယမ်းအချို့ကိုပါ  သိမ်းဆည်းနိုင်ခဲ့ပြီး နောက်ရက်များတွင် ရမ်းဗြဲမြို့တွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟုလည်း သတိပေးထားသည်။

 

ရက္ခိုင့်တပ်တော်သည် “အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။”ဟု ထုတ်ပြန်ချက်တွင် အတိအလင်းကြေညာထားပြီး အဆိုပါစခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အပြည့်အဝယုံကြည်ကြောင်းနှင့် သိမ်းပိုက်နိုင်ရန်လည်း အခြေအနေကောင်းလျက်ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် ချင်းပြည်ရှိ ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည်ရှိ ပေါက်တောမြို့နှင့် ရက္ခိုင်ပြည် အနှံ့အပြားရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၇၀) ခန့်ကို သိမ်းပိုက်ထားနိုင်ပြီးနောက်တွင် ကျန်ရှိနေသည့် စခန်းများနှင့် မြို့များကိုပါ သိမ်းပိုက်ထိန်းချုပ်နေရန် အပြင်းအထန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

 

ရက္ခိုင်ပြည်တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် အပစ်ရပ်စဲရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၂၈) ရက်နေ့တွင်  ဘင်္ဂလားဒေ့နိုင်ငံသို့ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud နှင့် တွေ့ဆုံခဲ့သည်။

 

တရုတ်သံအမတ် Yao Wen သည် တရုတ်နိုင်ငံအနေဖြင့် ရက္ခိုင်ဒေသတွင်ပါ အပစ်ရပ်ရန် ကြိုးပမ်းနေပြီး ထို့သို့ အပစ်ရပ်မှသာ ရိုဟင်ဂျာများကို ပြန်လည်နေရာချထားရေးကိစ္စများ အလျင်အမြန် အကောင်အထည်ဖော်နိုင်မည်ဟု ပြောခဲ့ကြောင်း The Business Post က ဇန်နဝါရီ (၂၈) ရက်နေ့တွင် ဖော်ပြခဲ့သည်။

 

ထို့အပြင် ဘင်္ဂလားဒေ့သတင်းဌာနတစ်ခုဖြစ်သည့် BSS ( Bangladesh Sangbad Sangstha)၏ ဖော်ပြချက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmudသည် တရုတ်သံအမတ်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် Mr.Yao Wen နှင့် ရိုဟင်ဂျာအရေးသာမက ရခိုင်ဒေသတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြအနေများကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ပြဿနာများအမြဲတမ်းရှိပြီး လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများသည်လည်း မကြာခင်ပုံမှန်ပြန်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်းများကို ပြောကြားခဲ့သည်ဟု ပါရှိသည်။

Related News

Depend on news