ကိုးတောင်ဘို့နယ် ဇီးကနားကျေးရွာမှ ဆယ်တန်းကျောင်းသူ အပါအဝင် ဓားစာခံလုပ် ဖမ်းသွားသည့် လူငယ်များအား စစ်တပ်က ရိုက်နှက်နှိပ်စက်နေ

Author မောက်ဒဂုံ
Categories
Published on Sep 09, 2022

စက်တင်ဘာ ၈ရက်က ကိုးတောင်ဘို့နယ် ဇီးကနားကျေးရွာမှာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်များသည် ၄င်းတို့ လက်ပြန်ကြိုးတုပ် ဓားစာခံပြုလုပ်ဖမ်းခေါ်သွားသည့် ဆယ်တန်းကျောင်းသူ အပါအဝင် ဒေသခံ လူငယ်များကို ရိုက်နှက်နှိပ်စက်နေကြောင်း သိရသည်။

ယမန်နေ့က ဇီကနားကျေးရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်များသည် အသက် ၁၇နှစ်အရွယ် ဆယ်တန်ကျောင်းသူ တစ်ဦး အပါအဝင် လူငယ်များကို လက်ပြန်ကြိုးတုပ် ဓားစားခံပြုလုပ်ကာ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၇နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသူ မသဇင်မိုး၊ အသက် ၁၉နှစ်အရွယ် မောင်ဖိုးထက်၊ အသက် ၂၃နှစ်အရွယ် မောင်ဖိုးချွန်(ခ) နိုင်ထွန်းနှင့် အသက် ၂၈နှစ်အရွယ် မောင်အောင်ကျော်တင့်တို့ ဖြစ်ကြောင်း ကိုးတောင်ဘို့ တော်လှန်ရေး သတင်းကွန်ယက်က အတည်ပြုထားသည်။

ဖမ်းဆီးခံရသည့်ထဲတွင် ဒေသခံရွာသားများလည်း ပါဝင်ပြီး ၄င်းတို့ကိုမူ စစ်ကောင်စီ တပ်များက ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အဆိုပါ လူငယ် လေးဦးကိုမူ စစ်ကောင်စီ တပ်များက ပြန်မလွှတ်ပေးသေးပဲ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်လျက် ရှိနေသည်။

ထို့ပြင် စစ်ကောင်စီ တပ်များ မီးရှို့ခဲ့သဖြင့် ဇီးကနားကျေးရွာ၌ စာသင်ကျောင်းမှ ဝန်ထမ်းအဆောင်တစ်ခု အပါအဝင် နေအိမ် ၆လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

“မီးရှို့ခံရတဲ့နေအိမ်တွေကတော့ဦးကိုမျိုး၊ဦးစိုးနိုင်၊ဦးမောင်သန်း၊ဦး‌ဝင်းသောင်၊ဦးဇော်ထက်ဦးတို့နေအိမ်များနှင့်စာသင်ကျောင်းမှဝန်ထမ်းဆောင်တစ်ဆောင်တို့ဖြစ်ကြပါတယ်။” ဟု ကိုးတောင်ဘို့ တော်လှန်ရေး သတင်းကွန်ယက်က ဆိုသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၇ရက် မွန်းလွဲ ၂နာရီခန့်၌ ကိုးတောင်ဘို့နယ် အတွင်း ဂျက်လေယာဥ် နှစ်စီးဖြင့် ကျေးရွာများပေါ်သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ရဟတ်ယာဥ်နှစ်စီးဖြင့် ၄င်းတို့၏ တပ်များကို နှောကုန်းကျေးရွာ အနောက်ဘက်၌ နှစ်ကြိမ်၊ လျှော်ဖြူကုန်း ကျေးရွာ အရှေ့မြောက်ဘက်နှင့် ဇီးကနားကျေးရွာ အနောက်ဘက်တို့၌ တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ် ပို့ဆောင်ခဲ့သည်။

ထိုသို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီတပ်များသည် အင်အား ခန့်မှန်းချေ ၁၃၀ခန့် ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

၄င်း စစ်ကောင်စီ စစ်ကြောင်းသည် ယင်းနေ့ ညနေပိုင်းတွင် နှောကုန်းနှင့် ဇီးကနားကျေးရွာများ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရော က်လာခဲ့သဖြင့် ဒေသခံရွာသားများ ထွက်ပြေးခဲ့သော်လည်း အများစုမှာ ရွာအတွင်း ပိတ်မိနေခဲ့သည်။

စစ်ကောင်စီ တပ်များသည် ဇီးကနားကျေးရွာနှင့် နှောကုန်းကျေးရွာတို့၌ အထိုင်ကျ တပ်ဆွဲနေခဲ့ပြီး ညပိုင်းတွင် ဇီးကနားကျေးရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။