ကန့်ဘလူက ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Author ခေတ်နီ၊ မင်းထက်
Categories
Published on Jan 11, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်သား ၂၅ ဦးထက်မနည်း သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD)အပြင် CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များ အတည်ပြုချက်အရ သိရသည်။

 

အဆိုပါ တပ်စခန်းကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညသန်းခေါင်ယံတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၂ နာရီကျော်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း CJ Platform ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

 

“ကျွန်တော်တို့ ပကဖတပ်ပေါင်းစုက ဝင်တိုက်လိုက်တယ်ပေါ့။ ကျည်နဲ့ သေနတ်က ၁၄ လက်လောက် ရလိုက်တယ်။ သူတို့ဘက်က ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ (မူရင်းပြောကြားချက်အား အနည်းငယ် ပြင်ဆင်ထားပါသည်) သေတာရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုတော့မရှိဘူး” ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် CJ Platform ၏ သတင်းရင်းမြစ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်သား ၂၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ငယ် ၁၄ လက်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သေးကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ MoD ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

“မနက်ခင်း ၂ နာရီကျော်လောက်က သိမ်းတယ်။ ကျွန်တော်တို့ ဘယ်တပ်ရင်းက သိမ်းလဲဆိုတာ လက်ရှိ မသိရသေးဘူးဗျ” ဟု ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ကူပေးမှုများရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန