ကတိစောင့်ထိန်းနေ၍ သိမ်းရန်စီစဉ်ထားသည့် မြို့နှင့် တပ်စခန်းများကို ဆက်မသိမ်းခဲ့ခြင်းဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Jan 19, 2024

တရုတ်ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း)‌တွင် သဘောတူညီမှုကို ချိုးဖောက်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီကို  မိမိတို့ဘက်က စိတ်ရှည်သည်းခံ၍ စာချုပ်ပါ ကတိကဝတ်များကို လိုက်နာနေ၍သာ မြို့များကို ဆက်လက်မသိမ်းခဲ့ခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်)ညပိုင်းက ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

 

စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက်ဟူ၍ ဇန်နဝါရီ(၁၁)ရက်မှစတင်၍အပစ်ရပ်ထားသည်မှာ တစ်ပတ်ကြာမြင့်ပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က တိုက်ခိုက်မှုများ မရပ်တန့်သေး‌သည့်အပေါ် ညီနောင်သုံးဖွဲ့က သတိပေးပြောကြားလာခြင်းဖြစ်သည်။

 

စစ်ကောင်စီသည် အပစ်ရပ်မှုစတင်အသက်ဝင်သည့်နေ့မှစ၍  ရှမ်းမြောက်ရှိ အရပ်သားပစ်မှတ်များကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခြင်းများပြုလုပ်နေသည့်အပြင်  ညီနောင်မဟာမိတ်တို့ တပ်စွဲထားရာ နေရာများကို ဝင်ရောက်တိုက်ခိုက်ခြင်းများပါ ပြုလုပ်နေသည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

“ဟိုင်ဂင်သဘောတူညီမှု” ရခဲ့သည့်နေ့မှစ၍ ယနေ့အချိန်အထိ သဘောတူညီခဲ့သည့်အတိုင်း လိုက်နာနေ၍သာ မလိုလားအပ်သောအခြေအနေများဖြစ်မလာဘဲ “အကယ်၍ မိမိတို့ဘက်မှ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက မိမိတို့ သတ်မှတ်ထားသည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီးဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့်

 

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

 

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

 

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ(ပစ်ခတ်မှုများ)ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေးဟူသော အဓိကအချက်သုံးချက်ပါဝင်သည့် “ဟိုင်ဂင်သဘောတူညီမှု” ကို လိုက်နာရန် လက်မှတ်ထိုးခဲ့ကြသော်လည်း စစ်ကောင်စီဘက်က သဘောတူညီမှုများကို ချိုးဖောက်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

 

စစ်ကောင်စီသည် ရှမ်းမြောက်တွင် ညီနောင်သုံးဖွဲ့နှင့် အပစ်ရပ်သော်လည်း ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)နှင့်မူ ရက္ခိုင်ပြည်နှင့် ချင်းပြည် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်အနှံ့အပြားရှိ တပ်စခန်းပေါင်း (၁၆၀) ဝန်းကျင်ကိုလည်း ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ထားရပြီလည်းဖြစ်သည်။

 

ရှမ်းမြောက်တွင် ကတိဖောက်ကာ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်လည်း အထိနာနေသည့်အတွက် မြို့နယ်အချို့တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းများ ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားပြီး ထိုသို့ လုပ်ဆောင်တိုင်း စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသည်ကို ယခင်အတွေ့အကြုံများအရသိပြီးဖြစ်သည့်အတွက် ညီနောင်သုံးဖွဲ့အနေဖြင့် စိုးရိမ်နေရသည်ဟုလည်း ဖော်ပြထားသည်။

Related News

Depend on news