NLD ပါတီအနေဖြင့် အခြားပါတီများဖြင့် ပူးပေါင်းရာတွင် ပိုမိုအာရုံစိုက်ရန်လိုကြောင်း ယာယီသမ္မတပြောကြား

Author မွန်လေး
Categories
Published on Sep 27, 2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အနေဖြင့် အခြားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။
စက်တင်ဘာ ၂၇ရက်တွင်ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၄နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
NLD ပါတီသည် ရှစ်လေးလုံးအရေးတော်ပုံနှင့်အတူပေါက်ဖွားလာသည့် ပြည်သူလူထု၏ပါတီအဖြစ်ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီအခွင့်အရေး ရရှိရန်ဖွဲ့စည်းတည်ထောင်ခဲ့ရုံသာမက အခက်အခဲများစွာကို ရင်ဆိုင်ပြီး ပြည်သူဘက်မှ ရပ်တည်ခဲ့ကြောင်း ယာယီသမ္မတကပြောကြားသည်။
ထို့ပြင် အဖွဲ့ချုပ်အနေဖြင့် သက်တမ်းနုနယ်သည့်ကာလ တစ်လျှောက် အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း ၎င်းကဆိုသည်။
“NLDပါတီဝင်များအနေနဲ့ တခဲနက် အောင်မြင်မှုရလာချိန်မှာ တစ်ဦးရဲ့ ဆန္ဒကို တစ်ဦးက အလေးထားဖို့၊ အခြားပါတီများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုအာရုံစိုက်ဖို့၊ ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေကို ပိုမိုလျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
ယင်းအပြင် ပါတီသက်တမ်းကြာရှည်ပြီး ရင့်ကျက်လာသည်နှင့်အမျှ အားနည်းချက်များကိုပြုပြင်ကာ ပိုမိုကောင်းမွန်သည့် ဦးဆောင်မှုနှင့်အတူ နွေဦးတော်လှန်ရေး၌ ရဲရဲဝင့်ဝင့် ဦးဆောင်ပါဝင်သည့် ပြည်သူ့ပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ဆုမွန်ကောင်းတောင်းကြောင်း ယာယီသမ္မတက ပြောကြားသည်။