GZ ပေါက်တူး


🖋မင်းဘုဏ်းလူ
သူ့အမည်အရင်း မည်သူမှမသိ။ရဲဘော်အားလုံးက သညာတပ်ပေးသည့် အမည်က ပေါက်တူး ဒေါက် တာပေါက်တူး။ထိုနာမည်ကိုသူဂုဏ်ယူသည် ၊ကျေနပ်သည်။အကြောင်းမှာ သူချက်လုပ်ပေးခဲ့သော ယမ်းများဖြင့် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားအရေအတွက်က မနဲလှတော့။
တောင်ပိုင်းတိုင်းတစ်ခွင်လုံးရှိလက်နက်ကြီးကျည်၊ ‌မြေပြင်သုံးမိုင်းများ ၊ဒရုန်းဗုံးသီးများတွင်အသုံးပြုသည့် ၈၀%သောယမ်းများက သူ့ထုတ်လုပ်ပေးခဲ့ခြင်းကြောင့်ပင်။
လူကမဖြူမညို ၊မျက်မှန်ငယ်မကာပင့်ကာဖြင့် ဆံပင်ကခွေကောက်ကောက် ကပိုကရို၊ သို့သော် မျက်လုံးများကစူးစူရဲရဲ ၊နှုတ်ခမ်းများကသပ်သပ်ရပ်ရပ် ပိပိရိရိ။ အသားအရည်ကမဖြူမညို အရပ်ကခပ်ပြတ်ပြတ် ၊မျက်နှာကျက ထူးအိမ်သင်နှင့် ခပ်ဆင်ဆင်။ သူ့ကို ကိုငှက်ကြီးခေါ်လျင် ပြုံးဖြီးသဘောကျနေတတ်သူ။
သူပြောနေကျစကားရှိသည်။ “မတရားတာကိုမတရားဘူးလို့ သိဖို့ဆိုတာ လုံလောက်တဲ့အသိဉာဏ် ဆင်ခြင်တုံတရား ရှိဦးမှ တရားမှန်း မတရားမှန်းမသိရင် တိရစ္ဆာန်သာသာအဆင့်ပဲရှိတာ မတရားဘူးလို့သိရင်တောင် မတရားဘူးလို့ပြောဖို့ဆိုတာကလည်း သူရဲဘောင်မကြောင် အတ္တမကြီးဘဲ သတ္တိကလည်းရှိဦးမှ တချို့က သိရင်တောင် ထုတ်မပြောရဲတဲ့ စောက်ကြောက်တွေ” ဗျ။
ဇာတိက မကွေးတိုင်းထဲက ရွာတစ်ရွာမှာမွေးခဲ့သူ။ ပထမနှစ်သင်္ချာကျောင်းသား ရန်ကုန်မှာ ကျောင်းလာတက်တော့ မိဘတွေကဂုဏ်ယူမဆုံး။ တစ်ရွာလုံးမှာဆယ်တန်းအောင်တာဆိုလို့ လက်နှစ်ဖက်မပြည့်။ အာ့ထဲကမှ ထွန်းထွန်းပေါက်ပေါက် တက္ကသိုလ်ရောက်ပြီး ကျောင်းတက်နိုင်တာမို့ ရွာကလည်း ဖူးဖူးမှုတ် မိန်းကလေးများရဲ့ သည်းသည်းလှုပ်ပေါ့။
ဒီလိုဆိုတော့ ပေါက်တူးတစ်ယောက် လူငယ်ဘာဝ ပျော်ကောင်း မော်ကောင်း မာန်တက်ကောင်းဆဲ အချိန်များပေါ့။ ပညာသင်နှစ်ရဲ့ ဒုတိယနှစ်ဝက်ရောက်တဲ့အခါ သံယောဇဉ်တွယ်စရာ ချစ်သူကောင်မလေးတစ်ယောက်ရှိလာတယ်။
ဒီလိုနဲ့ ကိုဗစ်တွေဖြစ်လာတော့ ကျောင်းတွေအပိတ်မှာ လွမ်းစိတ်တွေကိုသည်းမခံနိုင်တဲ့ ပေါက်တူး ချစ်သူနဲ့နီးဖို့ရာ အိမ်ကိုခွင့်တောင်းပြီး ရန်ကုန်မှာပဲ ရရာအလုပ်ကို လုပ်ရင်းနေခဲ့တယ်။
ပေါက်တူးတစ်ယောက်ချစ်သူနဲ့ မိုးမမြင်လေမမြင်ပျော်နေဆဲ ၂၀၂၁ဖေ‌ဖော်ဝါရီလထဲ အာဏာရှင်စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့တည့်တည့်တိုးပါရောလား။
အာဏာသိမ်းတာက ပေါက်တူးအတွက် “ချစ်သူ စိတ်ကောက်တာလောက် အရေးမကြီး။ နိုင်ငံရေးတွေဘာတွေ စိတ်မဝင်စား။ အနီနဲ့အစိမ်းနေရာလုတာပါကွာ၊ အလကားပါ ကိုယ်လုပ်မှကိုယ်စားရမှာပါဆိုတဲ့သူမျိုး” ။
သို့သော် ပေါက်တူးတစ်ယောက်လူ ထုဆန္ဒပြပွဲများသို့ လိုက်ပါသည်။ ကိုဗစ်ကြောင့် ပွဲလမ်းသဘင်တွေနဲ့ ဝေးနေခဲ့ရသူဆိုတော့ လူအုပ်လူစုများများနဲ့ ဆန္ဒပြပွဲတွေမှာ ဟေးလားဝါးလား လိုက်အော်ရတာ ပျော်သလိုရှိသည်။
စေတနာရှင်အချို့ ကျွေးမွေးသော အစားအသောက်များကိုလည်း စားရသည်လေ။ ထို့ထက် ဆန္ဒပြရခြင်းကို ပိုနှစ်သက်တာကတော့ ချစ်သူကြောင့်ပင်။ ချစ်သူနှင့်အတူ နေ့တိုင်းတွေ့ခွင့်ရနေ‌တော့ သူ‌ပျော်သည်၊ မနက်ဆို သူအိမ်ရှေ့သွားခေါ် ၊ညနေဆို သူ့အိမ်ရှေ့ပြန်ပို့ တစ်နေကုန်ကြွေးကြော်သံတွေ အော်ရင်း ချစ်သူ့လက်ကို ကိုင်ခွင့်ရနေသည့် သူဟာ ဘယ်လောက်ကံထူးလိုက်တဲ့ လူသားပါလဲပေါ့။
အစကတော့ ချစ်သူနှင့် နေ့စဉ်တွေ့ဆုံခွင့်ရလို့ ဆန္ဒပြပွဲတွေကို ပေါက်တူးလိုက်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြရင်း သူငယ်ချင်းတွေ ရက်ရက်စက်စက်အသတ်ခံရသည်။ ညှင်းပန်နှိပ်စက်ခံရသည်။ တစ်နိုင်ငံလုံးမှ တရားမျှတမှုကိုလိုချင်သည့် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများကို အာဏာရှင်လူယုတ်မာများမှ ရက်စက်ကြမ်းတမ်းစွာနှိမ်နှင်းဖြိုခွဲမှုများ ပြုလုပ်လာသည့်အခါ မတရားမှုကို မခံချင်သော၊ တရားမျှတမှုကိုမြတ်နိုးသော ၊GZလူငယ်တစ်ယောက်ဖြစ်သည့် ပေါက်တူး… ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်တော့သည်။
“ဒီမိစ္ဆာစစ်အာဏာရှင်များ အမြစ်သည်အထိ တော်လှန်မည်”
အာဏာသိမ်းပြီး တစ်လအကြာမှာ ပေါက်တူးကို မိဘများကစိတ်မချသဖြင့် ရွာသို့ပြန်ခေါ်ထားသည်။ ဆန္ဒပြပွဲတွေနှင့် မပါတ်သတ်ဖို့ နိုင်ငံရေးမလုပ်ဖို့ အမျိုးမျိုးတရားချတော့သည်။ NLDသာအာဏာရခဲ့ပါက ဗုဒ္ဓဘာသာပျောက်ပြီး ဘာသာခြားတွေက ကြီးစိုးမှာဖြစ်ကြောင်း ဘာသာရောလူမျိုးပါ ပျောက်သွားနိုင်ကြောင်း၊ ထို့ကြောင့်တပ်မတော်က နိုင်ငံကိုကယ်တင်တဲ့အနေနှင့် အာဏာသိမ်းလိုက်ရတာဖြစ်ကြောင်း ပေါက်တူးကို ပြောပြကြ‌သည်။ချော့ကြသည်၊ ခြောက်ကြသည်။
ပေါက်တူး မိဘဆွေမျိုးများကို နားလည်အောင်စစ်အာဏာရှင်များ၏ လုပ်ကြံဖန်တီးထားသော လူမျိုးရေး အဓိကရုဏ်းများအကြောင်း၊ ဘာသာရေး အဓိကရုဏ်းများအကြောင်း၊ စစ်အာဏာရှင်များ၏ မတရားသောလုပ်ရပ်များအကြောင်း၊ နောက်ဆုံး ပြည်သူကိုပညာ‌ရေးအမှောင်ချပြီး ဆင်းရဲမွဲတေအောင်လုပ် ဂုတ်သွေးစုပ် အမြတ်ကြီးထုတ်နေတဲ့ အာဏာရှင်မိသားစုနဲ့ အပေါင်းအပါတစ်စုသာ ချမ်းသာနေကြောင်း ၊ခုဖြစ်တာလည်း အနီနဲ့အစိမ်းပြဿနာမဟုတ်ပဲ တစ်တိုင်းပြည်လုံး ဒုက္ခကြုံရမည့်အကြောင်းတွေကို တတ်သမျမှတ်မိသမျ ရှင်းပြသည်။သို့သော်မိဘဆွေမျိုးများက လက်မခံ။နိုင်ငံ‌ရေးလုပ်လျင် သေခန်းပြတ်ပဲတဲ့ သားအဖြစ်က စွန့်လွှတ်မည်တဲ့ ရာဇသံပေးသည်။
ပေါက်တူး တစ်ယောက် ဆုံးဖြတ်ချက်ကို မပြင်နိုင် ။ကြွပ်ကြွပ်အိတ်ထဲ အဝတ်နှစ်စုံထည့်ပြီး ရန်ကုန်တက်လာခဲ့လိုက်သည်။ သပိတ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲတစ်ခုအတွင်း စစ်မိစ္ဆာများလက်ချက်ဖြင့် ချစ်သူကိုလည်း ဆုံးရှုံးလိုက်ရသည်။ ထိုမှ စိတ်တူကိုယ်တူသူငယ်ချင်းများဖြင့် အဖွဲ့‌တစ်ခုဖွဲ့ခဲ့ပြီး CDMဝန်ထမ်းများကို နိုင်သလောက် ပံ့ပိုးကူညီပေးခဲ့ကြသည်။
ဆန္ဒပြပွဲများကိုဦးဆောင်ရင်း CDMများကို ကူညီထောက်ပံ့ရင်း တစ်နေ့တော့ ပေါက်တူးဘဝအလှည့်အပြောင်း ကြီးကြီးတစ်ခုနှင့် ကြုံခဲ့ရသည်။
ပေါက်တူးတို့အဖွဲ့ ကူညီပေးနေသော CDM police ကိုဇင် မှ သူတို့အဖွဲ့ကို ဖွင့်ဟတိုင်ပင်လာသည်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ဆန္ဒပြရုံနှင့်မပြီးတော့ကြောင်း၊ သေ‌ရဲတဲ့ကောင်ထွက်ခဲ့အော်ရင်း လက်နက်မဲ့ပြည်သူကို အာဏာရှင်များက စသတ်နေပြီဖြစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း တင်ပြဆွေးနွေးလာလေသည်။
ပေါက်တူးတို့ အဖွဲ့လေး ခေါင်းချင်းရိုက်ကာဆွေးနွေး တိုင်ပင်ကြသည်။အချို့က မြို့တွင်းမှာပဲနေပြီး UGလုပ်မည်၊ အချို့ကထောက်ပို့၊ အချို့က လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်မည်။
ပေါက်တူးတွေးသည် သူ့အနေနှင့် ထောက်ပို့ဆက်လုပ်ရန်လည်း သူကိုယ်တိုင်က အမွေဖြတ်ခံထားရလို့ သူများမှီခိုနေရတာ ၊စစ်သင်တန်းတက်ဖို့ စစ်တိုက်ဖို့ကလည်း သူနှင့်မဖြစ်၊ သေနတ်ကိုင်ရမှာ ကြောက်သည်။နောက်ဆုံး သူနှင့်အသင့်တော်ဆုံး အရာကိုစဉ်းစားမိသည်။
စစ်လည်းမတိုက်ရ၊ရှေ့ လည်းထွက်စရာမလို နောက်ကွယ်ကနေပြီး ကူညီပေးနိုင်သည် စစ်ခွေးတွေသေခဲ့လျင်လည်း သူ့အစွမ်း အစပါသည်။ ထိုအလုပ်ကား ယမ်းထုတ်လုပ်ရေးပင်။
အစတော့ ယမ်းချက်နည်းများကို Google၊ YouTube၊ ဖေ့ဘွတ်၊ တွစ်တာအစရှိသည့် အွန်လိုင်းတွင်ရှာရင်း ထုတ်လုပ်သည်။ နောက်လွတ်မြေတစ်ခုမှ ဆရာသမားထံတွင် စနစ်တကျ သင်ယူခဲ့သည်။
ခုတော့ သူချက်ထုတ်ပေးခဲ့သော ယမ်းများက မြန်မာတစ်နိုင်ငံလုံးအနှံ့ရှိ တော်လှန်ရေးအဖွဲ့များ၏လက်တွင် အသုံးပြုနေချေပြီ။ တိုက်ပွဲများစွာတွင်လည်း အသုံးပြုနေချေပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းတိုင်းစစ်မျက်နှာပြင်ရှိ မြေပြင်မိုင်းများ၊ ဒရုန်းဗုံးသီးများ၊ လက်နက်ကြီးကျည်များတွင် အသုံးပြုနေသော ပို့ယမ်း ၊ကွဲယမ်းများက သူနှင်သူ့ဆရာ၏ လက်ရာများပင်။
စိမ်းညို့ညို့ ဒေါနတောင်တန်းကြီးကို ငေးမောရင်း တခါတခါ အဖေ၊အမေနှင့်ရွာကိုသတိရသည်။ စိတ်တူကိုယ်တူဆန္ဒပြရင်း ကျဆုံးသွားခဲ့သည့် ချစ်သူကိုလွမ်းသည်။ သူငယ်ချင်းများနှင့် လွတ်လပ်ပျော်ပါးခဲ့ရသည့် ကျောင်းသားဘဝကို တမ်းတမိသည်။လူငယ်မို့ လွတ်လပ်ပျော်ပါးချင်သော်လည်း ခုတော့ ခေတ်ကပေးလာသော တာဝန်များကို ပြီးဆုံးသည်အထိ ကျေပွန်အောင်ဆက်လက်ထမ်းရွက်ရပေဦးမည်။
အသက်၂၀ကျော်အရွယ် GZလူငယ်လေးတစ်ယောက်၏ နိုင်ငံနှင့် ပြည်သူအပေါ်ထားရှိသော စေတနာ ၊တော်လှန်ရေးရဲဘော်များအပေါ်ထားသော သစ္စာ ၊မတရားတာကို မတရားဘူး ရဲရဲဝံ့ဝံ့ပြောရဲသော စိတ်ထား ၊အမှန်တရားအတွက် မိဘဆွေမျိုးများ၏ ပစ်ပယ်မှုကိုခံယူရဲတာတွေကို ချစ်သူသိပါစေ ကြောင်း ဒေါနတောင်တန်းကြီးကိုသာ တိုင်တည်နေမိတော့သည်။
မင်းဘုဏ်းလူ(၅၀၅)