ADPRA မှ ထုတ်လုပ်သည့် ကုန်ကျစရိတ်သက်သာသော လက်လုပ် RPGနှင့် ဗုံးသီးများအား တိုက်ပွဲအတွင်း စတင်အသုံးပြု

Author မယ်ဘယ်ကိုး
Categories
Published on Feb 04, 2024

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -ADPRA ယင်းမာပင်ခရိုင်၊တပ်ရင်း အမှတ် (၃၀)၊ တပ်ခွဲ ၂ ထုတ်လုပ်ရေးတပ်စုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ ထုတ်လုပ်ရေး ကျွမ်းကျင်ဆရာတစ်ဦးနှင့်အတူ ပူးပေါင်းတီထွင် ထုတ်လုပ်ထားသည့် လက်လုပ် RPG နှင့် ဗုံးသီးများကို တိုက်ပွဲအတွင်း အသုံးပြုနေပြီဖြစ်ကြောင်း ADPRA ပြန်ကြား ရေးတာဝန်ခံ မင်းညိုက CJ platform သို့ ပြောသည်။

 

လက်နက်ပစ်ခတ်မှု အကွာအဝေးအားဖြင့် မီတာ ၃၀၀ ကနေ ၅၀၀ အထိရောက်နိုင်သည့် RPG တစ်လက်နှင့်ဗုံးသီး အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ မြန်မာငွေကျပ် သိန်း ၅၀ နှင့် ၆၀ ဝန်းကျင်ခန့်ရှိကြောင်း၊ အသုံးပြုသည့် ရဲဘော်များ အနေဖြင့်လည်း  အန္တရာယ်ကင်းကြောင်း နှင့် တစ်လက်ကို တစ်လခွဲခန့် အချိန်ပေးရပြီး ၃ လအတွင်း ခြောက်လက်ထုတ်ထားပြီဖြစ်ကြောင်း ၎င်းကပြောသည်။

 

“အပြင်မှာဆို တစ်လက်ကို သိန်း ၅၀၀ ကနေ ၆၀၀ ကြားရှိတယ် ထိရောက်မှုကတော့ အစစ်ကြီးလောက်ကြီး မဟုတ်ရင်တောင် တိုက်ပွဲမှာ အသုံးပြုလို့ရတဲ့ အနေအထားဖြစ်တယ် ၊ နှစ်လက်ကို ကျွန်တော်တို့တပ်ရင်းက သုံးပြီးတော့ လေးလက်ကို မဟာမိတ်အဖွဲ့တွေ ဆီဖြန့် ဝေထားပါတယ် ” ဟု ADPRA ပြန်ကြား ရေးတာဝန်ခံ မင်းညို က ပြောသည်။

 

ADPRA အနေဖြင့် ယခုပထမအဆင့် အနေဖြင့် အောင်မြင်ပြီဖြစ်ကာ ပိုမိုစနစ်ကျစွာ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် နည်းပညာများကို ရယူရန် သင်တန်းသားများလည်း‌ ‌စေလွှတ်နေကြောင်း၊ အလက်ရေ များစွာထုတ်လုပ်နိုင်ရန်လည်း ကြိုးစားနေကြောင်း သိရသည်။

 

“ လက်နက်ဖြန့်ဝေတဲ့ အပိုင်းမှာတော့ မသမာသူတွေဆီ မရောက်နိုင်အောင် စိစစ်ပြီး တကယ် တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေ ဆီကို ပေးပို့မယ်၊ ထုတ်လုပ်ရေးဇုန်နေရာတွေ ကိုလည်း လုံခြုံရေးအတွက် ယခင်ကတည်းက ပြင်ဆင်ထားတာရှိပါတယ်” ဟု  ADPRA ပြန်ကြား ရေးတာဝန်ခံ မင်းညို က ပြောသည်။

 

ဆက်လက်၍ နည်းပညာမြင့်တင်နိုင်ရေးအတွက် ကုန်ကြမ်းအခက်များနှင့် ငွေကြေး အခက်အခဲများလည်း ရှိနေသောကြောင့် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးရန်လည်း ADPRA မှ အကူညီတောင်းခံထားသည်။

 

ဓာတ်ပုံ – ADPRA