မုံရွာရှိ စစ်ကောင်စီပစ်မှတ်များကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဆုံး

Author မင်းထက်
Categories
Published on Feb 01, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင်များ အခြေစိုက်နေရာများကို PDF ပူးပေါင်းအဖွဲ့၏ ဇန်နဝါရီ ၃၀ ရက် တစ်ရက်အတွင်း တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား လေးဦး သေဆုံးသည့်အပြင် ခြောက်ဦးထက်မနည်းဒဏ်ရာအပြင်းအထန်ရရှိကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက CJ Platform သို့ ပြောသည်။

စစ်ကောင်စီတပ်သားများ အခြေချနေထိုင်သော မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက်ဂိတ်စခန်းကို ပြီးခဲ့သည့်ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့် မှ ၁ နာရီခွဲခန့်ထိ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားနှစ်ဦး ဗိုက်ပွင့်သေဆုံးပြီး ခြောက်ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်း ထိုအဖွဲ့ထံမှ သိရသည်။

 

“ဂိတ်က အင်အားက ၄၀ လောက်ရှိတယ်။ အမြဲရှိတယ်။ ဂိတ်မှာက ပိုက်ဆံတွေလည်း ကောက်တယ်။ ဆွဲလားရမ်းလားလည်း လုပ်တယ်။ တစ်ခါတလေ ကောင်မလေးတွေဆို ထိကပါးရိကပါးလည်းလုပ်တယ်” ဟု MSPDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောသည်။

ထိုအထိုင်ဂိတ်မှ စစ်ကောင်စီတပ်သားများသည် ၎င်းတို့အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက် ခြင်းအပြင် လိုင်းကား၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ငွေကြေးတောင်းခံလျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ထို့ပြင် ယင်းနေ့ မွန်လွဲ ၂ နာရီခန့်တွင် စစ်သားများနှင့် ပျူများအခြေချနေထိုင်လျက်ရှိသော တောပုပျူရွာကို မိနစ် ၃၀ ခန့်ကြာ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့​ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း သိရသည်။ အလားတူ ညောင်ဖြူပင်ရဲစခန်းကိုလည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယခုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများက ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယခု ဒရုန်းမစ်ရှင်များတွင် စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊ မုံရွာခရိုင်အမှတ် ၅၊ ၇ နှင့် ၉ ၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း ၊ Chauk People Defense Force ၊ Special Guerrilla Force Monywa တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။