ပုလောမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်အကျအဆုံးများရှိ

Author လင်းနွေဦး
Categories
Published on Feb 01, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ပျူစောထီးပူးပေါင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း တာဝန်ခံက CJ Platform သို့ ပြောကြားသည်။

 

ထိုပူးပေါင်း ပျူစောထီးတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှစတင်သည့်တိုက်ပွဲသည် နံနက် ၈ နာရီခန့်တွင် စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် အပြီးသတ်ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် ဒေသကာကွယ်ရေးပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့ဝင် ၅ ဦးနှင့် စစ်သားတစ်ဦးသေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့ဘက်မှ တပ်ခွဲမှူးအပါအဝင် ၅ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ အမှတ် (၁) တပ်ရင်း၊အမှတ် (၃) တပ်ခွဲမှူးက အရင်ဆုံးတက်တာဗျ။ ရန်သူကို ပစ်လှဲပြီး သေပြီထင်လို့ ဆက်တက်တာ။ ဟိုကောင်က မသေဘဲ ကျားနာခဲခဲပြီး ထပစ်လို့ ခွဲမှူးနှင့် ရဲဘော်ကျတာ။ ကျည်က လည်ပင်းကနေဖောက်ပြီး နောက်က ရဲဘော် နှလုံးကိုလာမှန်တယ်။ အဲဒီနေ့(ဇန်နဝါရီ ၃၀)ကထိ လေးယောက်ပဲ။ နောက်ရက်မှာ KNDO က ရဲဘော် ဆေးရုံမှာဆုံးတယ်။ ရန်သူ့ဘက်ကတော့ စခန်းထဲမှာပဲ ပျူစောထီး ငါးဦးနဲ့ စစ်သား တစ်ဦးသေတယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ ပြောသည်။

 

ထိုတိုက်ပွဲအတွင်း ပျူစောထီးစခန်းမှ လက်နက်ငယ် ၃ လက်နှင့် ၄၀ မမ ဗုံးသီးအချို့ရရှိခဲ့ကြောင်း၊ စခန်းသိမ်းပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က Mi-2 ရဟတ်ယာဉ်ဖြင့် စခန်းကုန်းပေါ်သို့ လာရောက်ပစ်ကူခဲ့ရာတွင် ၁၂၀ မမ ဗုံးသီးများကို ရဟတ်ယာဉ်ပေါ်မှ လက်ဖြင့်ပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အမှတ်(၁) ပြန်ကြားရေးတာဝန်ခံက ထပ်မံပြောကြားသည်။

 

“လေကြောင်းက တကယ့်စပရိုက်ပဲဗျာ။ ပျူစခန်းဆိုတော့ လာမှာမဟုတ်ဘူးဆိုပြီး ထည့်မတွက်ထားတာ ဒီကောင်တွေက Mi-2 ပေါ်ကနေ ၁၂၀ သီးတွေကို လက်နဲ့ ချသွားတာ ခွာစစ်ဆင်ဆုတ်ရတာပေါ့။ ဗုံးသီးကျတာ ထိခိုက်မှုနည်းတယ်။ ရဲဘော်တွေကျတာက သူပစ်ကိုယ်ပစ်ကြောင့်ပဲ။ ၁၀ နာရီလောက်မှာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

 

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ကျဆုံးရဲဘော်များ၏အလောင်းများကို တပ်ရင်းတပ်ဖွဲ့များထံသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ပြီး စစ်ရေးအခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုလ်နိုင်ခဲ့ကြောင်း၊ အတွေ့အကြုံများမှ သင်ခန်းစာယူကာ နောက်ထပ်လုပ်ငန်းစဉ်များတွင် ပိုမိုဂရုစိုက်မည်ဖြစ်ကြောင်း PDF မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ခံက CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာရှိ စစ်ကောင်စီ အထိုင်ချနေရာသို့ မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းနှင့် KNDO ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ကြိုးပမ်းမှုအတွင်း စစ်ကောင်စီ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် PDF ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးနှင့် KNDO ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရသည်။

Related News

Depend on news