မြောက်ဦး ခမရ (၅၄၀) ကို AA အပြီးသတ် သိမ်းပိုက်
ရခိုင်ပြည် မြောက်ဦးမြို့တွင် အခြေစိုက်သည့် စစ်ကောင်စီ၏ အမှတ်(၅၄၀) ခြေမြန်တပ်ရင်း (ခမရ ၅၄၀) ကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၃၀ရက်နေ့ညတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်၏ ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ထုတ်ပြန်ချက်အရ သိရသည်။
ခမရ (၅၄၀) သည် မြောက်ဦးတွင် အခြေစိုက်သည့် တပ်ရင်းသုံးရင်းအနက် တစ်ခုဖြစ်ပြီး အဆိုပါ တပ်ရင်းများသည် ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်ဖြစ်သည့် မြောက်ဦးမြို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသည့် တပ်ရင်းများဖြစ်သည့်အတွက် ကျန်ရှိနေသေးသည့် ခမရ(၃၇၇)၊ ခမရ(၃၇၈)တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက် တိုက်ခိုက်နေသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။
ထို့အပြင် စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းထားသော ရမ်းဗြဲမြို့အနီးရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရမ်းဗြဲမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ရက္ခိုင့်တပ်တော်က ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ရုပ်အလောင်းတချို့နှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိတွေ့တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီသည် ရမ်းဗြဲ၊ တိန်ချောင်းဝနှင့် တိန်ချောင်းရေလက်ကြားတွင် ရပ်ထားသည့် စစ်သင်္ဘောမှနေ၍ ရမ်းဗြဲမြို့ကို လက်နက်ကြီးဖြင့် ခုနစ်ကြိမ်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။
အလားတူပင် ယမန်နေ့က ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတစ်နာရီခန့်အတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံး၍ ပြန်လည်နောက်ဆုတ်သွားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်ဘက်က အလတ်စားဒဏ်ရာရရှိသူတစ်ဦး ရှိခဲ့ပြီး စစ်ကောင်စီဘက်၏ အထိအခိုက် အကျအဆုံးကိုမူ မသိရသေးကြောင်း၊ ထိုတိုက်ပွဲပြီးနောက် ပုဏ္ဏာကျွန်းမြို့နယ်အတွင်းရှိ ဆားဘုတ်ကုန်းကျေးရွာကို မင်းဂံချောင်းထဲရှိ စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သလို တချိန်တည်းတွင် စစ်သင်္ဘောနှင့် စစ်တွေရှိ အမှတ် (၁၂) ရဲတပ်ရင်းတို့မှ အဆိုပါ ကျေးရွာအနီးနားဝန်းကျင်ကို လက်နက်ကြီးအလုံးရေပေါင်း (၁၀၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ရက္ခိုင်ပြည်အနှံ့အပြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်ကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသည့် စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ်စခန်းများနှင့် ရဲတပ်ရင်းစခန်းများကို တစ်စခန်းမကျန် လိုက်လံချေမှုန်း တိုက်ခိုက်နေသည်ဟုလည်း ရက္ခိုင့်တပ်တော်က ဆိုထားသည်။
ရက္ခိုင့်တပ်တော်သည် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည် ပေါက်တော်မြို့နှင့် ရက္ခိုင်ပြည်အနှံ့အပြားရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း ကြီး၊ငယ် ပေါင်း (၁၇၀) ကျော်ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။
ဓာတ်ပုံ – AA Info Desk