YBS စီးနင်းခများ ကျပ် ၄၀၀ အထိ တိုးမြှင့်ကောက်ခံ

Author ခေတ်နီ
Categories
Published on Jan 31, 2024

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဥ်လိုင်းများ ယာဥ်စီးခများကို တိုးမြင့်ကောက်ခံပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့မှ အတည်ပြုပြောဆိုသည်။

 

ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှ စတင်ကာ YBS စီးနင်းသူများအနေဖြင့် မည်သည့်ခရီးစဥ် မဆို စီးနင်းခအဖြစ် ငွေကျပ် ၄၀၀  ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

“ငွေသားချည်းပဲဆို ၄၀၀ပေါ့၊ တခြားYPS ကဒ်လိုမျိုးဆို ၃၀၀ ပေးရမယ်၊ အဓိကကတော့ တာဝန်ရှိသူတွေက QRစနစ်ကို အကောင်အထည် ဖော်ချင်နေတာပေါ့၊ ဘယ်နေ့ကစပြီး ကောက်တယ်ဆိုတာတော့ ဌာနကို ပြန်မေးရမယ်”ဟု YRTA Call centerမှ တာဝန်ရှိသူတစ်ဦးက CJ Platformသို့ ဖြေကြားသည်။

 

ထိုသို့ YBS စီးနင်းခ နှုန်းထားများ တိုးမြှင့်လာမှုကြောင့် နေ့စဥ် YBSအသုံးပြုကာ ခရီးသွားလာနေရသည့် ခရီးသည်များအတွက် ခက်ခဲလာမှုများလည်း ရှိလာနေသည်။

 

“အရင်ကတော့ ၂၀၀ ပေါ့ အဲ့ကနေ ၃၀၀  ခု ၄၀၀ ပေါ့လေ ဘယ်စီးစီးကို ပေးရတာပေါ့၊ လခတွေကတော့ပုံမှန်အတိုင်းပဲ တက်လာတာတွေတော့ ဒါတွေပဲရှိတာ၊ ကျွန်တော်တို့ဆို တစ်နေ့ကို ကားခကို အသွားအပြန် ၂၀၀၀ နီးပါးရှိတယ်”ဟု နေ့စဥ် YBSစီးနင်းကာ လုပ်ငန်းခွင်သို့ သွားရောက်ရသူ အမျိုးသားတစ်ဦးက ပြောသည်။

 

ထို့အပြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း YBSယာဥ်လိုင်းများတွင် အစီးရေလျော့ချပြေးဆွဲမှုများကြောင့် ကားတစ်စီးတွင် စီးနင်းသူအများအပြား တင်ဆောင်နေပြေးဆွဲနေပြီး ညနေ ရုံးဆင်းချိန်များတွင်လည်း YBSယာဥ်မောင်းတချို့မှ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံမှုများကိုလည်း YBSစီးနင်းသူများ ကြုံတွေ့နေရသည်။

 

” ကုန်ဈေးနှုန်း‌တွေ သွားလာစရိတ်တွေသာတိုး‌နေတာ ၊  လုပ်ခလစာကလည်း တိုး‌ပေးတာမဟုတ်တဲ့အတွက် YBS ခတိုးကောက်တာက စားဝတ်နေရေး ပိုပြီး ကြပ်တည်းဖို့ပဲရှိတယ်”ဟု YBSစီးနင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း YBSစီးနင်းခ တိုးမြင့်လာမှုအပြင် YBSများအပေါ်  ခါးပိုက်နှိုက်ခြင်းကဲ့သို့သော ရာဇဝတ်မှု ဖြစ်ပွားမှုများ ပိုမိုများပြားလာနေပြီး နေ့စဥ်ခရီးသွားလာနေသည့်  ခရီးသည်များအဖို့ စိုးရိမ်မှုတစ်ခု တိုး၍ လာနေသည်။