ချင်းအစိုးရကို အဓမ္မဖွဲ့စည်းပါက အသိအမှတ်ပြုမည်မဟုတ်ဟု မတူမျိုးနွယ်စုဆို

Author လဂွန်းအိမ်
Categories
Published on Jan 30, 2024

ချင်းပြည်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) နှင့် Chinland Council(CC)ဟူ၍ နှစ်ဖွဲ့ကွဲနေသော ချင်းပြည်တွင်  အစိုးရအဖွဲ့ အဓမ္မဖွဲ့စည်းပါက ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

ICNCC နှင့် Chinland Council ဟူ၍ အဖွဲ့အစည်းနှစ်ရပ်ဖြစ်ပေါ်လာခြင်းသည် ချင်းလူမျိုးများအကြား စိတ်ဝမ်းကွဲကာ စည်းလုံးညီညွတ်မှုပျက်ပြားမည့် အခြေအနေဖြစ်ပေါ်လာသဖြင့် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယင်းအဖွဲ့ နှစ်ဖွဲ့အပြင် မည်သည့်အဖွဲ့အစည်းမဆို ချင်းပြည်သူများ စည်းလုံးညီညွတ်မှုမရှိဘဲ အစိုးရဖွဲ့စည်းခြင်းကို လက်မခံနိုင်ကြောင်း Global Matu Supporting Committee(GMSC) ၏ ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

 

မတူမျိုးနွယ်စုများအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်းက ICNCC စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယနေ့အချိန်အထိ သက်ဆိုင်ရာအခန်းကဏ္ဍတွင် ပါဝင်နွေး‌လျက်ရှိပြီး Chinland Council ဖွဲ့စည်းမည့် ညီလာခံတွင်လည်း Observer (လေ့လာသူ)အဖြစ် ပါဝင်တက်ရောက်ခဲ့သည့် ကြားနေအဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

” အခုမြင်တွေ့နေရသလိုပါပဲ ချင်းလူမျိုးကြား စည်းလုံးမှုပြိုကွဲ‌နေတာ။ ပြည်နယ်တစ်ခုထဲမှာတင် မြို့နယ်တိုင်းမှာ ICNCC နဲ့ CC ဆိုပြီး အားလုံးကွဲနေကြတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ရမှာပါ” ဟု GMSC မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့ပြင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ စသည့်ကိစ္စရပ်များတွင် အခက်အခဲများရှိလာနိုင်ပြီး အဖွဲ့နှစ်ဖွဲ့ဖြစ်နေသည့်အတွက် ပြည်သူများအကြား သွေးကွဲမှုများဖြစ်ပေါ်လာနိုင်မည့်အပြင် ရှိနှင့်ပြီးဖြစ်သည့်တော်လှန်ရေးတပ်ဖွဲ့များကြားတွင်လည်း စိတ်ဝမ်းကွဲကာ အချို့အဖွဲ့များ ရပ်နားသွားရမည့်အခြေအနေအထိဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောသည်။

 

အလားတူ ပြည်သူများ၏ ကူညီပံ့ပိုးမှုများ လျော့နည်းသွားသည်သာမကဘဲ ရပ်တန့်သွားနိုင်သည့်အခြေအနေဖြစ်ကြောင်း၊ အဆိုးဆုံးအခြေအနေအဖြစ် ICNCC နှင့် CC (Chinland Council)တို့တွင် လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စီရှိနေသဖြင့် အချင်းချင်းကြား ပစ်ခတ်မှုများဖြစ်ပွားလာနိုင်ပြီး သွေးထွက်သံယိုသေဆုံးမှုများ ဖြစ်‌ပေါ်လာနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

 

မတူလူမျိုးစုများသည် တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသား(၁၃၅)မျိုးအတွင်း ပါဝင်ပြီး တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက် ချင်းတိုင်းရင်းသားထဲမှ လူမျိုးစုတစ်စုဖြစ်ကာ အများအားဖြင့် မတူပီမြို့နယ်အတွင်း နေထိုင်သော ချင်းအမျိုးနွယ်စုတစ်စုဖြစ်သည်။

 

ICNCC အနေဖြင့် ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချင်းပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးဖြစ်ကြောင်းကြေညာခဲ့ပြီး ချင်းပြည်အခြေခံဥပဒေ(Chin Charter)ပြင်ဆင်ပြီးနောက် ချင်းအစိုးအရအဖွဲ့ ဖွဲစည်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသကဲ့သို့ Chinland Council(CC)အနေဖြင့် ယမန်နှစ် ဒီဇင်ဘာ ၇ ရက်နေ့က CC ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည် တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

 

ထိုသို့ ချင်းအဖွဲ့များကွဲပြားနေသည်ကို စုစည်းနိုင်ရန် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ Chin Civic Moment ကို စတင်ခဲ့ပြီး ယင်းလှုပ်ရှားးမှုမှ ချင်းအစုအဖွဲ့များကြား ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းပြောဆိုခဲ့သည်။