ကျိုက်မရောတွင် ပြီးခဲ့သည့် သုံးနှစ်ကထက် ဝက်ဈေး ထက်ဝက်ကျော်ကျ

Author လရောင်လင်း
Categories
Published on Jan 30, 2024

အာဏာသိမ်း သုံးနှစ်မပြည့်မီ ကုန်ဈေးနှုန်းများ သုံးဆတက်နေသော်လည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဝက်ဈေးနှုန်းများ လွန်ခဲ့သည့်သုံးနှစ်ကထက် ထက်ဝက်ကျော်ကျဆင်းနေကြောင်း ဝက်မွေးမြူသူများက ပြောကြားသည်။

 

ထိုမြို့တွင်ဝက်စာနှင့် ဆက်စပ်ပစ္စည်းဈေးများအားလုံးတက်သော်လည်း အဓိက ပြန်ရောင်းရသည့် ဝက်ဈေးနှုန်းမှာ ကျဆင်းနေ၍ မွေးမြူသူများ အရှုံးပေါ်နေကြောင်း ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက နို့ခွဲစာ နံပါတ်(၉၅၀)တစ်အိတ်လျှင် ၃၅,၀ဝ၀ ကျပ်ခန့်သာ ယခုအခါ ၅၄,၀ဝ၀ ကျပ်သို့မြင့်တက်သကဲ့သို့ အခြားဝက်စာများ၊ ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဈေးအဆမတန် မြင့်တက်လျက်ရှိကြောင်း ကျိုက်မရောမြို့အတွင်း ဝက်စာနှင့် ဝက်ဆေးအရောင်းဆိုင်များထံမှ သိရသည်။

 

ထိုသို့ ဝက်စာနှင့် ဆက်စပ်ပစ္စည်းများဈေးတက်သော်လည်း စစ်တပ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဝက်သားပေါက် တစ်ကောင်လျှင် ကျပ်တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခု လက်ရှိ ဝက်သားပေါက်တစ်ကောင်လျှင် ၄၀,ဝ၀ဝ ကျပ်အထိ ကျဆင်းလာသည့်အတွက် ဝယ်မွေးမည့်သူ မရှိသလောက်ရှားပါးနေကြောင်း ဝက်သားပေါက် နှင့် ဝက်အကောင်လိုက်ဝယ်သူများက ပြောသည်။

 

ထို့ပြင် ဝက်အကောင်လိုက် ချိန်ရောင်းလျှင်လည်း ယခင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် ဝက် တစ်ပိဿာလျှင် ၈၀ဝ၀ ကျပ်ခန့်ရှိခဲ့ရာမှ ယခုအခါ ၆၂၀ဝ ကျပ် ဈေးသာရှိကြောင်း ၎င်းတို့က ပြောသည်။

“အဓိကက လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေမလုံခြုံတဲ့အတွက် ဝက်အစာတွေ ဈေးတက်တယ်။ လက်နက်ကြီးတွေ၊ တိုက်ပွဲတွေ မကြာခဏဖြစ်နေကြတာဆိုတော့ လူတွေက စစ်ရှောင်နေရတာနဲ့ မွေးမြူရေးလုပ်ဖို့ အဆင်မပြေကြတော့ဘူးလေ။ ဒါကြောင့် ဝက်သားပေါက်ဈေးနဲ့ ဝက်သားဈေးတွေက သိသိသာသာ ကျဆင်းလာတယ်။ နောက်ဆို ဝက်မွေးသူ မရှိသလောက် ရှားသွားမယ် ” ဟု ဖာသိမ်ကျေးရွာနေ ဝက်‌မွေးမြူ‌ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်တပ်အာဏာ သိမ်းပြီးသည့်နောက်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ စစ်ကောင်စီများ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုဒဏ်၊ ဒေသတွင်း နယ်မြေမလုံခြုံမှုဒဏ်၊ အခြေခံလူတန်းစားများ စားဝတ်နေရေးနှင့် မွေးမြူရေးလုပ်ငန်း မပြေလည်မှုဒဏ်များကို ယနေ့ချိန်အထိ အလူးအလိမ့် ခံစားနေကြရဆဲဖြစ်သည်။