မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ တပ်စွဲမှုများရှိနေ

Author ခေတ်နီ
Categories
Published on Sep 19, 2022

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းမှစတင်ကာ လက်နက်ကြီးများပစ်ခတ်ပြီး မြို့အတွင်းမှာ စစ်အင်အားများဖြန့်ကျင်း နေချထားတာကြောင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်လာနိုင်ချေရှိတယ်လို့ ကရင်နီပူးပေါင်းအဖွဲ့များက အရေးပေါ်သတိပေးထားသည်။

ယနေ့ မနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီ၏ ဖယ်ခုံနှင့်လွိုင်ကော် အခြေစိုက် တပ်များဘက်က အမြောက်များဖြင့် မိုးဗြဲမြို့ကို ပစ်ခတ်မှုများလုပ်ဆောင်ကာ မိုးဗြဲ မွေတော်ဘုရားဝန်း အပါအဝင်စစ်ကောင်စီတပ်က နေရာအနှံ့မှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်သည်။

“မနက်တည်းက လက်နက်ကြီးသံညံနေတာပဲ သူတို့ဘက်ကချည်းပစ်တာ မြို့ပေါ်လဲ သူတို့နေရာယူထားပြောတယ် သွားတော့မကြည့်ရဲဘူး “ဟုမိုးဗြဲဒေသခံတစ်ဦးက ပြောသည်။

ယခုလိုမျိုး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဖြစ်ပေါ်လာနိုင်တာကြောင့် မိုးဗြဲဒေသခံများအနေဖြင့် ဘေးလွတ်ရာကို ပြောင်းရွှေ့တိမ်းရှောင်ကြရန်လဲ ကရင်နီဒေသကာကွယ်ရေးအဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ကနေ ၁၂ရက်နေ့ထိ မိုးဗြဲမြို့မှာဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့အပြီး စက်တင်ဘာလ၁၅ရက်နေ့မှစတင်ပြီး စစ်ကောင်စီဘက်က တကျော့ပြန်စစ်ကြောင်း ထိုးလာနေတာပဲဖြစ်သည်။
ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။