ရန်ကုန်တွင် အောင်ဘာလေထီ ရောင်းအားကောင်းလာ၍ ဈေးတက်

Author ကိုထက်
Categories
Published on Jan 20, 2024

စစ်ကောင်စီအခွန်မရစေရန် ရှောင်ကျဉ်ထားကြသော ပြည်တွင်းအခွန်များဦးစီးဌာန၏ အောင်ဘာလေထီရောင်းအား ပြန်ကောင်းလာပြီး ဈေးနှုန်းမြင့်တက်လာကြောင်း အဆိုပါထီရောင်းသူများထံမှ သိရသည်။

 

တစ်စောင် ကျပ်တစ်ထောင်ထီဖြင့်ရောင်းချသော်လည်း ရောင်းအားမရှိခဲ့သည့်ထီသည် စစ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာမြင့်ပြီးနောက် လူအများပြန်လည်ထိုးလာကြသည့်အတွက် တစ်စောင်လျှင် ၁၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း ထီလက်လီရောင်းချသူများထံမှ သိရသည်။

 

အာဏာသိမ်းပြီးကတည်းက Boycott အလုပ်ခံထားရသည့် အဆိုပါထီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ ထိုးသူများလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

 

“အာဏာစသိမ်းပြီး ၂ နှစ်လောက်အထိက ထိုးမဲ့သူအရမ်းနည်းတော့ ရိုက်ထုတ်တာလည်းနည်းတယ်။ အဲဒီတုန်းကတော့ အရောင်းကနည်းတာပေါ့။ အရင်က တစ်စောင်ကို လက်ကားဝယ်ရတာ ၉၅၀၊ ၁၀၅၀ လောက်ဝယ်ရတာ အခုတော့ ၁၂၀ဝ လောက်ဖြစ်သွားပြီပေါ့။ ပိုရောင်းအားတက်လာတယ်” ဟု အောင်ဘာလေထီ လက်လီရောင်းချသူတစ်ဦးက ပြောသည်။

 

အဆိုပါအောင်ဘာလေထီကို အာဏာစသိမ်းကတည်းက ယခုအချိန်ထိ Boycott လုပ်ထားဆဲပြည်သူများလည်း ရှိနေဆဲဖြစ်သည်။

 

” သူတို့(စစ်ကောင်စီ)လုပ်တဲ့ထီ ကျွန်တော်ကတော့ မထိုးဘူး။ နိုင်ငံခြားထီတော့ထိုးတယ်။ သူတို့ကို အလကားနေရင်း ကျည်ဆံဖိုးပေးတာ အဖြစ်မခံနိုင်ဘူးလေ။ ကျွန်တော့်အသိတွေထဲလည်း ဆက်ပြီး Boycott  လုပ်ထားတဲ့သူတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ထုတ်ကုန်မှန်သမျှကို မသုံးစွဲကြဖို့လိုပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလတို့အတွင်း စစ်ကောင်စီက ထီစာရွက်နှင့် အွန်လိုင်းထီတို့ကို ‘က’ မှ ‘ဈ’ အက္ခရာအထိ ရိုက်နှိပ်ရောင်းချနေကြောင်း သိရသည်။