အကြောက်တရားနှင့်ရှင်သန်နေရဟု ဒေသခံဆို
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်AA နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲ နှစ်လအတွင်း အရပ်သား ၁၀၀ နီးပါးသေဆုံးကြောင်း ရက္ခိုင့်တပ်တော် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောက်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှ ယခုနှစ် ဇန်နဝါရီလအတွင်းအထိ နှစ်လအတွင်း သေဆုံးခဲ့သည့်အရပ်သား ၈၁ ဦးအနက် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ၅၀ ဦးအထိ သေဆုံးမှုမှာ အများဆုံးဖြစ်ခဲ့ကာ လက်နက်ငယ်ကြောင့် ၁၈ ဦးနှင့် ဒရုန်းကြောင့် ခုနစ်ဦး၊ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ဦး၊ ရေတပ်မှပစ်ခတ်မှုကြောင့် သုံးဦးနှင့် မိုင်းပေါက်ကွဲခြင်းကြောင့် တစ်ဦးတို့သေဆုံးခဲ့ရကြောင်း HDCO စာရင်းက ဆိုသည်။
အဆိုပါ အရပ်သားသေဆုံးမှုစာရင်းများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယခုဇန်နဝါရီလ ၁၃ ရက်နေ့အထိပြုစုထားခြင်းဖြစ်သည်။
အဆိုပါအရပ်သားသေဆုံးမှုများကို စစ်ကောင်စီတပ်၏ အမြောက်တပ်နှင့် ရေတပ်တို့အပါအဝင် ခမရ (၅၆၆)၊ ခမရ (၅၆၅)၊ ခမရ (၅၄၈)၊ ခမရ (၅၃၉)၊ ခမရ (၅၃၇)၊ ခမရ (၃၈၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၆)၊ ခမရ (၃၄၄)၊ (၂၃၄)၊ ခမရ (၂၁၀)၊ ခမရ (၂၀၉)၊ ခမရ (၂၀၆)၊ ခမရ (၁၄၄) တပ်များကကျုးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း HDCO စစ်တမ်းက ဆိုသည်။
ထိုသို့စစ်ကောင်စီ၏ အရပ်သားများအပေါ် စစ်ကာဇဝတ်မှုကျူးလွန်မှုများကြောင့် အကြောက်တရားဖြင့် ရှင်သန်နေထိုင်နေရပြီး လူ့အခွင့်အရေးများဆုံးရှုံးနေရကြောင်း ရခိုင်ရှိ အရပ်သားပြည်သူတစ်ဦးက ပြောသည်။
” အကြောက်တရားနဲ့ ရှင်သန်နေရတာပေါ့။ ဘယ်အချိန်မှာ လေယာဥ်နဲ့လာပစ်မလဲ။ ထားခဲ့တဲ့အိမ်တွေ ဘယ်အချိန်မှာ မီးရှို့ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေပေါ့။ ကျွန်တော်တို့ရမ်းဗြဲမှာဆိုရင်လည်း အိမ်ကထွက်ပြေးနေရတာ တစ်လခွဲလောက်ရှိပြီ။ အဲဒီနောက်မှာဆိုရင် စားဝတ်နေရေးတွေ၊ ပညာရေးတွေအကုန်ရိုက်ခတ်တာပေါ့လေ။ လမ်းပမ်းတွေ အကုန်စစ်တပ်က ပိတ်ထားတာ။ ကလေးတွေလည်း ကျောင်းမတက်ရဘူး။ စျေးတွေတက်တာတွေ၊ လက်လုပ်လက်စားသမားတွေ အဆင်မပြေတာတွေရှိလာတယ် ” ဟု ရမ်းဗြဲဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှုများသည် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အများဆုံးဖြစ်ပြီး နှစ်လတာအတွင်း ထိခိုက်ဒဏ်ရာရရှိသည့်အရပ်သား ၂၆၀ ဦးနှင့် ဖမ်းဆီးခံရသူ ၂၇၇ ဦးအထိရှိခဲ့ကြောင်း HDCO ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်ကလည်း ကျောက်တော်မြို့ ပီချောင်းဒေသ ဝဲကြီးထောင့်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အရပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။