ကံမကောင်းသူများ မဲပေါက်သည်

Author မင်းထက်
Categories
Published on Jan 18, 2024

ကံစမ်းမဲပေါက်လျှင် ကံကောင်းကြသည်ဟု မှတ်ယူကြသည်။ သို့သော် ပဲခူးဒေသခံများအတွက်တော့ ထိုသို့မဟုတ်။

 

ကံမကောင်းသူများ မဲပေါက်နေကြသည်။

 

အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီက ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစနစ်ဖြင့် စစ်သားစုဆောင်နေခြင်းကြောင့်ဖြစ်သည်။

 

ယခုနှစ် နှစ်စရက်ပိုင်း ပဲခူးတိုင်းအတွင်း စစ်ကောင်စီ အင်အားစုဆောင်းနေသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေသည်။

 

၎င်းတို့အခေါ် ပြည်သူ့စစ်၊ ဒေသခံအခေါ် စစ်သား၊ ပျူစောထီးစုဆောင်းခြင်းဟူ၍ အခေါ်အဝေါ်မတူသော်ငြား တူညီသည့်အချက်မှာ အင်အားစုဆောင်းခြင်းပင်။

 

ပဲခူးတိုင်းအတွင်း တစ်ရွာလျှင် အရပ်သား ၃၀ မှ ၅၀ အထိ စုဆောင်းပေးရမည်ဟု ဒေသခံများက ဆိုကြသည်။ ၎င်းတို့သည် အနုနည်း၊ အကြမ်းနည်း နည်းမျိုးစုံသုံး၍ စုစည်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

 

ပဲခူးတိုင်း၊ သာယာဝတီနှင့် နတ်တလင်းခရိုင်တို့အတွင်းရှိ အုတ်ဖို၊ ပေါင်းတည်၊ နတ်တလင်းတို့တွင် စစ်သားစုဆောင်းခြင်းကို အကျယ်တဝင့်လုပ်ဆောင်နေသော်လည်း မြို့ကြီးများဖြစ်သည့် ပဲခူး၊ တောင်ငူတို့တွင်မူ လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

 

နေရာအများစုတွင် လက်နက်ဖြင့် ခြိမ်းခြောက်လူစုခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးများမှတစ်ဆင့် လုပ်ကိုင်ခိုင်းလေ့ရှိသည်။

 

အလားတူ လက်ရှိ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း အကြမ်းနည်းဖြစ်သည့် ခြိမ်းခြောက်ခြင်းအပြင် အနုနည်းဖြစ်သည့် လစာ/ရိက္ခာပေးမည်ဟူ၍ မက်လုံးပေး စုစည်းခြင်းအထိပြုလုပ်လာခဲ့ပြီဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

 

နတ်တလင်းတွင် ကနဦး တစ်ရွာလျှင် ၁၀ ဦးနှုန်းမှ ယခုအခါ တစ်ရွာလျှင် ၃၀ မှ ၅၀ ဦးအထိ စုဆောင်းရမည်ဟု သတင်းများထွက်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။

 

“အခြေခံစစ်သင်တန်း ဆယ်ရက် တက်ရမယ်။ လစာ တစ်သိန်းလေးသောင်းပေးမယ်။ ရိက္ခာပေးမယ်။ အဲဒီလို သိရတယ် ” ဟု နတ်တလင်းမြို့ခံတစ်ဦးက ပြောသည်။

 

ယခုနှစ်ဦးပိုင်းတွင် ပဲခူးတိုင်းရှိ မြို့နယ်တိုင်းတွင် စစ်ကောင်စီက စီမံချက်ဖြင့် လူစုဆောင်းခြင်းများ လုပ်ဆောင်နေရာတွင် နတ်တလင်းမြို့နယ်တွင်  ရပ်ရွာကာကွယ်ရေးဟု ခေါင်းစဥ်တပ်၍ ပြည်သူများကို ခေါ်ယူစုဆောင်းရန် မဲနှိုက်ရွေးချယ်ခိုင်းထားကြောင်း သိရသည်။

 

ထိုအခြေအနေကို သိထားသည့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံက ယခုကဲ့သို့ ပြောသည်။

 

” မဲနှိုက်ခိုင်းတာဗျ။ မဲပေါက်တဲ့ သူတွေတော့ သူ့ရွာနဲ့ သူရှိတာပဲ။ လောလောဆယ် သူတို့က အင်အားအရင်စုတဲ့ သဘောပါပဲ လူတော့ မခေါ်သေးဘူး။ အင်အားရမှ သူတို့ လိုအပ်တဲ့နေရာ ထုတ်သုံးမယ်ထင်တယ်။ တချို့ရွာတွေဆို မဲပေါက်လို့ငိုယိုတဲ့ အဖြစ်တွေတောင်ရှိတယ်။ ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲရတာပေါ့ ” ဟု ပြန်ကြားရေး တာ၀န်ခံက CJ Platform သို့ပြောသည်။

 

ယခုကဲ့သို့ စစ်ကောင်စီဘက်က အဓမ္မအင်အားစုဆောင်းခြင်းမျာအပြင် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး၀င်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများကျူးလွန်လျက်ရှိကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်များထံမှ သိရသည်။

 

ထို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံအများအပြားလည်းရှိနေကြောင်း သိရသည်။

 

နတ်တလင်းမြို့နယ်တွင် ယခင်နှစ် ဒီဇင်ဘာလအတွင်း စစ်ဘေးရှောင် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ထိုသို့ကြမ်းရမ်းနေသော စစ်ကောင်စီသည် အရပ်သားများကို အနုနည်း၊ အကြမ်းနည်းများဖြင့် မဲနှိုက်၍ စစ်သားစုဆောင်းလျက်ရှိသည်။

 

ယခုအထိတော့ ထိုသူတို့ စစ်မတိုက်ရသေး။

 

ကံမကောင်းသူတို့ မဲပေါက်ကြလေသည်။