PDF များထွက်ပြေးသွားသည်ဟုထင်ကာ လိုက်လံတိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းကွင်းအတွင်း ကျရောက်ပြီး သုံးဦးသေ

Author မင်းထက်
Categories
Published on Jan 17, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်သို့ လာရောက်တပ်စွဲသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား သုံးဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာ၀န်ခံ ဗိုလ်တောက်တဲ့က CJ Platform သို့ ပြောသည်။

ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက အုတ်ဖိုမြို့ နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်ဖြင့် ဂမုန်းဆည်ပေါ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ ရှင်းလင်းဆောင်၌ တပ်စွဲထားသောကြောင့် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၇ နာရီခန့်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများကို  တာဝါတိုင်ကုန်းအနီးရှိ လယ်ကွင်းအတွင်းရှိ  မိုင်း ကွင်းအတွင်း မျှားခေါ်ရန် ဆုတ်ခွာခဲ့ကြောင်း ၊  စစ်ကောင်စီတပ်သားများက တော်လှန်ရေးရဲဘော်များ ထွက်ပြေးသွားသည် အထင်ဖြင့် လိုက်လံတိုက်ခိုက်စဉ် မိုင်းကွင်းအရောက် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ပြီး ၄၀ မမ၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများမှာ အထိနာ၍ သေဆုံး ဒဏ်ရာရရှိသူများကို အရသယ်ဆောင်ပြီး ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။

“မိုင်းကွင်းက လယ်ကွင်းထဲမှာရှိတာ။ လယ်ကွင်းကနေ ဇီးခင်း ၊ ဇီးကင်းကနေ ငှက်ပျောတောကတဆင့် ၀ိုင်းရဲစခန်းအထိ ဖိလိုက်ပစ်တာ တပ်ဆုတ်သွားတယ်ပေါ့ ၊ ‌ေ-ွး သုံးကောင်ရတယ် ၊ လူနာတင်ကား နှစ်စီးလာသွားပြီးတော့ ဒဏ်ရာရတဲ့ ၁၁ ဦးကို သယ်သွားတယ်။ ၁၁ ဦးထဲကလဲ လမ်းမှာသေတဲ့သူ ရှိဦးမှာပေါ့ ” ဟု အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ကျားကြီးစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအပြီး ထွက်ပြေးသည့် သွားသည့် စစ်ကောင်စီတပ်သားများထံမှ  ကျည်ဘောက် နှစ်ခု၊ ကျည်ဆံ အတောင့် ၄၀ ၊ လေးခွ တစ်လက်နှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။