ပဲခူတိုင်းတွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးကာ စစ်အင်အား စုဆောင်းနေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရ
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းရန် အတင်းအဓမ္မခေါ်ယူစုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများက CJ Platform သို့ပြောသည်။
“သူတို့လုပ်နေပုံက ပြည်သူ့စစ် (ပျူစောထီး) အဖြစ်မ၀င်မနေရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူတို့လက်အောက်ကို ၀င်ရမယ်၊ တစ်ရွာကို လူဦးရေ ဘယ်လောက်ဆိုပြီး ခြိမ်းခြောက်တောင်းတယ်၊ ဒီကြားထဲ သူတို့အောက်က အုပ်ချုပ်ရေးမှူးက သူတို့နဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ် ပြောရရင် တော်လှန်ရေးကို အားပေးတယ်လို့ ယူဆတဲ့လူတွေဆို ဦစားပေးပြီး ပြည်သူ့စစ်မှာ ပါ၀င်ဖို့ ခြိမ်းခြောက်တယ် ” ဟု အုတ်ဖိုမြို့နယ်က တိမ်းရှောင်လာသူ အရပ်သားတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်အနေဖြင့် လူသစ်စုဆောင်ခြင်း ၊ သင်တန်းပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၊ လက်နက်ကိုင် ပျူစောထီးအုပ်စုများကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှ တဆင့် စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့သည်။
ယခုနှစ် ၂၀၂၄ ခုနစ် အစတွင် ထူးခြားချက်အနေဖြင့် ပဲခူးတိုင်းရှိ မြို့နယ်တိုင်းတွင် စစ်ကောင်စီက စီမံချက်ဖြင့် လူစုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း ၊ အုတ်ဖိုမြို့နယ်တွင်လည်း ပြည်သူ့စစ် (ပျူစောထီး) အဖြစ် လူစုဆောင်းခြင်းများကို တစ်မြို့နယ်လုံး လုပ်ဆောင်လာကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒုတာ၀န်ခံ က ပြောသည်။
ပြည်သူ့စစ်စုဆောင်းရေးတွင် စစ်တပ်က ကျေးရွာကြီးငယ်အလိုက် လူဦးရေ ၂၀ မှ ၁၀၀ အထိ ဖိအားပေးတောင်းဆိုခြင်း ၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများက ပြည်သူ့စစ်၀င်ရန် ဖိအားပေးပြောဆိုခြင်း ၊ စစ်တပ်က ပြည်သူ့စစ်အဖြစ် စုဆောင်းရေးတွင် အရပ်သားပြည်သူများ မပါ၀င်ဘဲ တိမ်းရှောင်နေပါက ရွားလုံးကျွတ်မီးတင်ရှို့ခြင်း ၊ ကိုယ်တိုင်လက်ရောက် ဖမ်းဆီးခေါ်ယူခြင်းများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများ စသည့် လုပ်ရပ်များကြောင့် အရပ်သားပြည်သူတချို့မှာ မိမိနေရပ်တွင် နေထိုင်ရန် လုံခြုံမှုမရှိတော့သောကြောင့် တိမ်းရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများကလည်း ၄င်းတို့အသိုင်းအ၀ိုင်းမှ လွဲ၍ ကျန်ရှိနေသော ပြည်သူများကို တော်လှန်ရေး အားပေးထောက်ခံသူ ၊ PDF အားပေးသူများဟု နာမည်တပ်ရုံသာမက ဆန္ဒပြမှုဖြစ်စဥ်တွင် ပါ၀င်ခဲ့သော ပြည်သူများကိုပါ ပြည်သူ့စစ်အဖြစ် ၀င်ရောက်ရန် စစ်တပ်ထံ စာရင်းပေးခြင်းများ လုပ်ဆောင်သောကြောင့် ပြည်သူများသည် အအိပ်ပျက်၊ အစားပျက်နှင့် စိုးရိမ်ကြီးစွာ နေထိုင်နေကြရကြောင်း ယင်းမြို့နယ်အတွင်းက ဒေသခံများထံမှ သိရသည်။
“ပြည်သူ့စစ်ခေါ်ယူနေတာက အခုဆို ပိုဆိုးနေတာက ပဲခူးတိုင်း အနောက်ခြမ်းပေါ့။ မြို့နယ်တိုင်းလိုလို အကောင်ထည်ဖော်နေပြီ။ အဲ့တာကြောင့် ကျွန်တော်တို့လည်း PDF တွေရှိတဲ့ နေရာကို ခိုလှုံရအောင် ထွက်ပြေးလာရတယ်” ဟု သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ ခွဲ ၄ ( မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို) အဖွဲ့ထံ ခို၀င်လာသူ ပြည်သူတစ်ဦးက ပြောသည်။
အုတ်ဖိုမြို့နယ်အနောက်ခြမ်းရှိ သရက်ကုန်းကျေးရွာအုပ်စုတွင် အရပ်သား၂၀ ခန့် ၊ ငါးရှဥ့်ရိုးအုပ်စုတွင် အရပ်သား ၃၀ ခန့် အသီးသီး စုဆောင်းခံခဲ့ကြရကြောင်း ၊ မြို့နယ်အနောက်ခြမ်းတွင်လည်း ရွာလုံးကျွတ် တိမ်းရှောင်နေကြရခြင်းများ ရှိနေကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ ခွဲ ၄ ( မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို) တာ၀န်ခံ ဗိုလ်တောက်က ပြောသည်။
ယင်းတပ်ဖွဲ့တွင် စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၁၂ စုအား ကာကွယ် စောင့်ရှောက်ထားကာ နေထိုင်စားသောက်ရန် နေရာများ စီမံပေးထားကြောင်း သိရသည်။
“ခုက ၁၂ စုဆိုတာ ဦးဆုံးရောက်လာတဲ့ ဟိုးအောက်ပိုင်းက ရွာသားတွေပေါ့၊ နောက်ပိုင်း ထပ်တိုးလာဖို့ရာရှိတယ် ။ ခုချိန်ကတော့ စာနပ်ရိက္ခာတွက်က ရေတိုကတော့ အဆင်ပြေတယ်၊ စုဆောင်းထားတဲ့ ရိက္ခာတွေနဲ့ တော်လှန်ရေးရဲဘော်မိသားစုတွေရော၊ စစ်ရှောင်တွေအတွက် လောက်ငှပါတယ်။ ရေရှည်ကြရင်တော့ ဆန်လိုလာမယ် ၊ဆီလိုမယ် အဲ့လိုအခက်ခဲလေးတွေ ရှိလာနိုင်တယ်” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို တာ၀န်ခံ ဗိုလ်တောက်က ပြောသည်။
လက်ရှိအချိန်တွင် အုတ်ဖိုမြို့နယ်က ကျေးရွာအများစုတွင် ပြည်သူ့စစ်ဖွဲ့ရန်အတွက် စစ်ကောင်စီက အတင်းအဓမ္မ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ပြည်သူ့စစ်(ပျူစောထီး)အတွက် အတင်းအဓမ္မခေါ်ယူ စုဆောင်းမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃၀ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း BLack Dragon အဖွဲ့ထံမှ သိရသည်။
ပဲခူတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီက အရပ်သားပြည်သူများကို ပြည်သူ့စစ်အဖြစ် စုဆောင်းနေသည့်အပေါ် ပြည်သူများက လက်မခံကြရန် ၊ စစ်သားစုဆောင်းခြင်းအပေါ် ကူညီလုပ်ဆောင်နေသူများအား သတိပေးကြောင်း ၊ မိမိတို့လုပ်ဆောင်နိုင်သည့် ဘောင်အတွင်းမှလည်း ပြည်သူများကို ကာကွယ်နိုင်သလောက် ကာကွယ်သွားမည်ဟု ဇန်နဝါရီလ ၁၅ ရက်နေ့က အသီးသီး ထုတ်ပြန်ထားသည်။
အုတ်ဖိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အနေဖြင့်လည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်ပူးပေါင်းကာ ပြည်သူများအတွက် အဓိကထားပြီး ကူညီ ဆောင်ရွက်လျက်ရှိနေကြောင်း ယင်းမြို့နယ် ပအဖ ဒုတာ၀န်ခံ က ဆိုသည်။
စစ်ကောင်စီက မတရား အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ပြည့်ရန် ရက်ပိုင်းမျှသာ လိုအပ်သောအချိန်တွင် နိုင်ငံတစ်၀န်းတွင် စစ်တပ်က စစ်ရေးရှုံးနိမ့်မှုများ ၊ တပ်ပြေးများ ၊ အညံ့ခံလက်နက်ချမှုများ ၊ အလင်းဝင်ရောက်လာခြင်းများကြောင့် အင်အားချိနဲ့လာကာ စစ်တပ်အင်အား ပြန်လည် ဖြည့်ဆည်းရန်အတွက် ခေါင်းစဥ်အမျိုးမျိုးတပ်ကာ အရပ်သားပြည်သူများကို ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းလျက်ရှိနေခြင်းဖြစ်သည်။
ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို
မှတ်ချက် – စစ်ဘေးရှောင်ပြည်သူများနှင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမှ ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများ ယာယီခိုလှုံ့နေရသည့် နေရာအား ခန့်မှန်းသိရှိနိုင်မှု မရှိစေရန် သတင်းဓာတ်ပုံများအား အနည်းငယ် ပြင်ဆင်ထားပါသည်။ (အယ်ဒီတာ)