ကွတ်ခိုင်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာကို KIA ပစ်ချ

Author လဂွန်းအိမ်
Categories
Published on Jan 16, 2024

ယာယီအပစ်ရပ်ထားသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာ၌ ယနေ့ ဇန်နဝါရီ ၁၆ ရက်  နံနက်ပိုင်းက စစ်ကောင်စီ၏ ဂျက်ဖိုက်တာ လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CJ Platform သို့ အတည်ပြုပြောကြားသည်။

 

ယင်းဂျက်ဖိုက်တာ လေယာဉ်ကို ပစ်ချခဲ့ခြင်းကိုအတည်ပြုနိုင်သော်လည်း အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“ဘယ်လိုလက်နက်နဲ့ပစ်တယ်။ ဘယ်လိုအခြေအနေတွေဆိုတာတော့ မကြားရသေးဘူး။ ဖုန်းအဆက်အသွယ် အခက်အခဲရှိတဲ့အတွက် အသေးစိတ် မသိရသေးတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီတပ်နှင့် KIA တို့သည် နမ့်ဖက်ကာဘက်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှစတင်ကာ နမ့်ဘက်ကာတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

KIA က ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်‌နေ့တွင် စစ်ကောင်စီ၏  နမ့်ဖက်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက် တိုက်ခိုက်စဉ် ယခုကဲ့သို့ ပစ်ချခံရခြင်းဖြစ်သည်ဟု သိရသည်။

 

စစ်ကောင်စီ၏ ရိက္ခာတင်ရဟတ်ယာဉ်တစ်စီးကိုလည်း ယခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် KIA မှ မိုးမောက်မြို့နယ်အတွင်း ပစ်ချခဲ့သဖြင့် ရဟတ်ယာဉ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်သားအားလုံး သေဆုံးခဲ့သည်ဟု KIA က ဆိုထားသည်။

 

ထို့ပြင် ၂၀၂၁ ခုနှစ် မေလတွင်လည်း မိုးမောက်မြို့နယ်၊ အလော့ဘွမ်တိုက်ပွဲ၌ စစ်ကောင်စီ ရဟတ်ယာဥ်တစ်စင်းကို KIA ကပစ်ချနိုင်ခဲ့သေးသည်။

 

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအတွင်း ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရဟက်ယာဉ်များ ပစ်ချနိုင်မှုအများဆုံးဖြစ်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တရုတ်၏ ကြားဝင်မှုဖြင့် ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်၍ မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်များကြား အပစ်ရပ်ထားကြသည့် ဟိုင်ဂင်သဘောတူညီချက်ဟူ၍ ရရှိထားကြောင်း စစ်ကောင်စီအဖွဲ့အပါအဝင် ညီနောင်သုံးဖွဲ့တို့က ထုတ်ပြန်ထားသည်။

 

သို့သော် ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများရပ်တန့်သွားခြင်းမရှိသေးပေ။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လဆန်းပိုင်းကလည်း ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများ မရပ်တန့်ခဲ့ဘဲ စစ်ကောင်စီ၏ တပ်စခန်းနှင့် မြို့များသိမ်းခံခဲ့ရသည်။

 

ဓာတ်ပုံ – အင်တာနက်