အင်းစိန် CID ရုံးအနီး ဗုံးပေါက်

Author ကိုထက်
Categories
Published on Jan 16, 2024

ရန်ကုန်မြို့ အင်းစိန်မြို့နယ်က မှုခင်းရဲတပ်ဖွဲ့ CID ရုံးအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၅ ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အနီးနားနေသူများထံမှ သိရသည်။

 

“ညက ၇ နာရီလောက်က CID ရုံးနားကြားတာ။ အသံက အကျယ်ကြီးပဲ။ ဖြစ်ဖြစ်ချင်း လမ်းပိတ်လိုက်ပြီး လာသမျှကားတွေကို စစ်တယ်။ အခုမနက်(ဇန်နဝါရီ ၁၆ ရက်)လည်း စစ်နေတုန်းပဲ” ဟု ယင်းရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။

 

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ဖြစ်သည့် Yangon Army အဖွဲ့က အင်းစိန် CID ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

“နောက်ထပ်မစ်ရှင်တွေလည်း ထပ်မံပြုလုပ်သွားဦးမှာပါ။ ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဒေါက်တိုင်နေရာတွေအနီးကနေ သတိထားသွားလာကြပါ” ဟု Yangon Army က တာဝန်ရှိသူက ပြောသည်။

 

ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ လူထိခိုက်မှုရှိမရှိကို YA အဖွဲ့က ပြောကြားခြင်းမရှိပေ။

 

အဆိုပါ အင်းစိန် CID ရုံးသည် ပြီးခဲ့သည့်နှစ် ဧပြီ ၂၃ ရက်က ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Urban Guerrilla Army(YUGA)က တစ်ညတည်း ဗုံး ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့သေးသည်။

 

ရန်ကုန်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ တာမွေ၊ အလုံ၊ ဒလ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် လှိုင်သာယာမြို့နယ်များတွင် ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိထားခဲ့သည်။

 

ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့ စမ်းချောင်းထွေအုပ်၊ တောင်ဒဂုံအားကစားခန်းမ၊ မင်္ဂလာဒုံလေတပ်ဌာနချုပ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။