မဲဆောက်ရောက် တော်လှန်ရေးရဲဘော်၊ CDM စစ်သား၊ ရဲသားများကို အမေရိကန်တက္ကသိုလ်၀င်တန်းအောင် GED ပညာရေးအား အခမဲ့သင်ကြားပေးနေ


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိနေသော တော်လှန်ရေးရဲဘော်များ၊ CDM စစ်သားနှင့် ရဲတပ်သားတို့ကို အမေရိကန်တက္ကသိုလ်၀င်တန်းအောင် GED ပညာရေးဖြင့် သင်ကြားပေးနေကြောင်း Sunflower Seeds Organization(SSO)တည်ထောင်သူ ဒေါ်ဆွေဆွေအောင်က CJ platform သို့ ပြောသည်။

 

အထက်တန်းမအောင်မြင်သေးဘဲ တော်လှန်ရေးကာလတွင် အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်တွင် ရောက်ရှိနေသော  ထိခိုက်ဒဏ်ရာရ ရဲဘော်များ၊ CDM စစ်သားနှင့် ရဲတပ်သားများကို General Education Development(GED)စနစ်ဖြင့် ဦးစားပေးသင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

 

GED စနစ်ဖြင့် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် SSO က ကျောင်းသားများကို အင်တာနက်ကြေး၊ ဖြေဆိုချိန် ပေးရမည့် စာမေးပွဲကြေး၊ စာအုပ်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

“ကျွန်မတို့ အခမဲ့ GED ပညာရေးထောက်ပံ့တဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေနဲ့ အရမ်းငွေကြေးခက်ခဲပြီး ပညာရေးတစ်ပိုင်းတစ်စနဲ့ CDM ကျောင်းသားတွေ၊ CDM စစ်သား၊ ရဲတွေကို အဓိက ထားရွေးထားတာပါ။ နောက်အပတ်စဉ်တွေကျ ပြည်တွင်းတွေကလည်း ရွေးမှာပါ။ အခု‌တော့   မဲဆောက်က လူငယ်တွေပဲ ရွေးထားတာပါ” ဟု SSO အဖွဲ့ကိုတည်ထောင်သူက ပြောသည်။

 

အဆိုပါအဖွဲ့အစည်းသည် ၂၀၂၂ ခုနှစ်မှစတင်ကာ အပတ်စဉ် ၁ အနေဖြင့် ကျောင်းသား/သူ ၃၀  ဦးကို အမေရိကန်တက္ကသိုလ်၀င်တန်းအောင် GED ပညာရေးကို အွန်လိုင်းမှ ၆ လသင်ကြားပေးခဲ့ပြီး တစ်ပတ်လျှင် သင်တန်း ၆ ရက်၊ တစ်ရက်လျှင် စာသင်ချိန် ၃ ချိန်အပြည့်ဖြင့် ၂၅ ရာခိုင်နှုန်း ပြည့်မီအောင်တက်ရောက်ရမည်ဖြစ်သည်ဟု SSO ထံမှ သိရသည်။

 

GED အခမဲ့ပညာ‌ရေးအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အသက် ၁၇ နှစ်ပြည့်ပြီးသူ၊ မြန်မာနိုင်ငံ၏ အခြေခံပညာရေးကို နဝမတန်းအထိသင်ကြားထားသူများဖြစ်ရမည်ဖြစ်သည်။

 

ယင်းသင်တန်းတွင် သင်ကြားပေးနေသော ဆရာ/ဆရာမများသည်လည်း CDM ကျောင်းဆရာ/ ဆရာမများဖြစ်သည်။