ဟားမက်စ်‌ဘက်ကရပ်တည်သည့် “ဟိုသစ်” စစ်အုပ်စုကို အမေရိကန်နှင့် အင်္ဂလန် ပူးပေါင်းဗုံးကြဲတိုက်ခိုက်

Author လင်းနွေဦး
Categories
Published on Jan 13, 2024

ဟားမက်စ်ဘက်ကရပ်တည်သော ယီမင်နိုင်ငံက “ဟိုသစ်” စစ်အုပ်စုအခြေစိုက်နေရာများကို အမေရိကန်နှင့် အင်္ဂလန် လေတပ်တို့မှ ဝေဟင်ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

 

အရှေ့အလယ်ပိုင်း Red Sea(ပင်လယ်နီ)ဒေသတွင် ဖြတ်သန်းသွားလာသည့်သင်္ဘောများကို ဟားမက်စ်အုပ်စုကဲ့သို့ အီရန်ကျောထောက်နောက်ခံပေးထားသော Houthis(ဟိုသစ်)စစ်အုပ်စုများက ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ကာ ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း BBC ကမ္ဘာ့သတင်းတွင် ရေးသားဖော်ပြထားသည်။

 

“ဟိုသစ်” စစ်အုပ်စုသည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့မှစတင်သော အစ္စရေး-ဟားမက်စ် အရေးအတွင်း ဟားမက်စ်စစ်အုပ်စုဘက်မှ ရပ်တည်ထောက်ခံသည်ဟု ပြောဆိုထားသည်။ထို့‌နောက် ယခုကဲ့သို့ ပင်လယ်နီအတွင်း အစ္စရေးနိုင်ငံဘက်သို့ ဖြတ်သန်းသွားလာသည့် မည်သည့်သင်္ဘောကိုမဆို တိုက်ခိုက်မည်ဟုဆိုထားသည့်အတိုင်း သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် အမေရိကန်နှင့် အင်္ဂလန် လေတပ်များက ယီမင်နိုင်ငံတဝိုက်ရှိ ဟိုသစ်စစ်အုပ်စု၏ ဗဟိုဌာနချုပ် နေရာ၊ တောင်တန်း ခြေကုပ်စခန်းများနှင့် လေကြောင်းကာကွယ်ရေးစနစ်များအပါအဝင် နေရာ ၁၆ ခုထက်မနည်းကို ဇန်ဝါရီ ၁၁ ရက် ကြာသာပတေးနေ့ တစ်ညအတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟိုသစ်စစ်အုပ်စုဘက်က ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် “အမေရိကန်နှင့် အင်္ဂလန်တို့အနေဖြင့် ၎င်းတို့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမည်” ဟု ဟိုသစ်စစ်အုပ်စုဘက်က တုံ့ပြန်ပြောဆိုသည်။

 

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အင်္ဂလန် ဝန်ကြီးချုပ် ရီရှီဆူနက်က “သင့်လျော်ပြီး လိုအပ်ကာ အကန့်အသတ်ဖြင့်ပြုလုပ်သည့် ခုခံကာကွယ်ရေး” ဟု သုံးနှုန်းသကဲ့သို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း “နိုင်ငံတကာစီးပွားရေးလွတ်လပ်စွာ စီးဆင်းမှုအတွက် ကာကွယ်ရန် ပြုလုပ်ရခြင်း” ဟု ပြောကြသည်။

 

ယခုကဲ့သို့ အမေရိကန်-အင်္ဂလန် တိုက်ခိုက်သော်လည်း ဟိုသစ် စစ်အုပ်စုအနေဖြင့် “၎င်းတို့၏ ပင်လယ်နီဒေသတွင်း ဖြတ်သန်းသွားသည့် သင်္ဘောများကို တိုက်ခိုက်မှုနှင့် ဟားမက်စ်စစ်အုပ်စုကို ထောက်ခံမှုသည် ဆက်လက်ပြုလုပ်သွားမည်” ဟု AP သတင်းဌာနတွင် ဖော်ပြသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အဆိုအရ ယခုကဲ့သို့ စစ်ဆင်ရေးကို နယ်သာလန်၊ ဩစ‌တြေးလျ၊ ကနေဒါ၊ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်သည့် ဘာရိန်းနိုင်ငံတို့က အားပေးထောက်ခံ အကူအညီပေးခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြသည်။

 

လတ်တလော အရှေ့အလယ်ပိုင်းဒေသ၌ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်နေ့မှစတင်ခဲ့သော အစ္စရေး-ဟားမက်စ်အရေးအခင်းသည် မပြီးဆုံးသေးဘဲ ယခုကဲ့သို့ အီရန်ကျောထောက်နောက်ခံ ဟိုသစ် စစ်အုပ်စုကို အမေရိကန်ဘက်က တုံ့ပြန်တိုက်ခိုက်မှုသည် ဂါဇာအရေးကို မီးပွားကျစေကာ ကမ္ဘ့ာစစ်မီးသဖွယ်ကူးစက်ပျံ့နှံ့လာမည်ကို နိုင်ငံတကာစစ်ရေးကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြသည်။