မူး(မုန်း)တွင် သုံးရက်အတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ​လေးဦးဒဏ်ရာ

Author လင်းနွေဦး
Categories
Published on Jan 11, 2024

ကရင် အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ မူး(မုန်း)မြို့နယ်တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

 

ဇန်နဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ သုံးရက်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသနှင့် မသက်ဆိုင်သည့် ကျေးရွာများသို့ စစ်ကောင်စီမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးထိခိုက်မှုများအပြင် နေအိမ် နှစ်လုံးလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပြောတောင်မပြောချင်တော့ဘူးဗျာ။ ဒီကောင်တွေက ကြွက်မနိုင် ကျီမီးရှို့ ဆိုသလိုဖြစ်နေပြီ။ မြေပြင်မှာမနိုင်တော့ လေကြောင်းနဲ့ ပစ်တယ်။ ပစ်တော့လည်း ပြည်သူတွေနေတဲ့ တိုက်ပွဲနဲ့မဆိုင်တဲ့ဒေသက ကျေးရွာတွေပေါ်ကို။ ဒီကြားထဲ လက်နက်ကြီးကပါ သုံးသေးတော့ လူတွေထိပြီပေါ့” ဟု မူး(မုန်း)ရှေ့တန်း စစ်မြေပြင်ရောက် တော်လှန်ရေးရဲဘော် တစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖြူးမြို့ သောင်းကြီးရွာမှ ၁၀ နှစ် အရွယ် ကလေးငယ် တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သည့်အပြင် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကာ ဒီဇင်ဘာ ၇ ရက်နေ့၌ ဇလုပ်ကြီးကျေးရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရှိခဲ့သည်ဟု KNU က ဆိုသည်။

 

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့၌ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်သော စက်သေနတ်ကျည်များ ထိမှန်ကာ ရင်းတိုက်ကုန်းရွာမှ ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့်အပြင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို KNLA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ဒီဇင်ဘာ (၄) ရက်နေ့တွင် လည်းကောင်း၊ နတ်သံကွင်းမြို့နှင့် ပဲနွယ်ကုန်းမြို့နယ် အနီးတဝိုက်ရှိ စစ်စခန်းများအား ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ထပ်မံသိမ်းပိုက်ပြီးနောက် နယ်မြေထိန်းချုပ်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ယခုကဲ့သို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။