PDF ၆ ဦး ကျဆုံးရမှုတွင် အဓိက သတင်းပေး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် သေဆုံး

Author မင်းထက်
Categories
Published on Jan 10, 2024

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဆည်လည်အုပ်စု၊ အိုးကုန်းကျေးရွာနေ စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးကြောင်း Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)တာဝန်ခံ ကိုကံကြီးမောင်က CJ Platform သို့ ပြောသည်။

 

ဆည်လည်ကျေးရွာအုပ်စု၏ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း(ခ)မှတ်ကြီးကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေ  ၆ နာရီခန့်က အိုးကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

 

“ပစ်ခတ်ရှင်းလင်းခံရပြီးနောက်မှာ စကစတွေက အလောင်းသယ်တယ်။ စစ်ဆေးပြီး မနေ့က(ဇန်နဝါရီ ၉ ရက်) မနက်မှာ ပြန်ပို့တယ်။ ပြီးတော့ ပြန်သွားတယ်။ နောက်ဆက်တွဲ ထိခိုက်မှုတော့ လက်ရှိအချိန်ထိ မရှိသေးဘူး” ဟု Magway Guerilla Warfare တာဝန်ခံက ပြောသည်။

 

ဦးဇော်ဝင်းသည်  ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင် ခြောက်ဦးကို စီးနင်းသတ်ဖြတ်ရန် စစ်ကောင်စီတပ်ထံ သတင်းပေး တိုင်ကြားခဲ့ခြင်းအပါအဝင် တော်လှန်ရေးအဖွဲ့များထံ ထောက်ပံ့ပို့ဆောင်ရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးရန် ခိုင်းစေခြင်း၊ ပျူစောထီးများဖွဲ့ရန် စစ်ကောင်စီတပ်သား၊ ရဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်ငွေကိစ္စများ တောင်းခံခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

 

ယင်းတိုက်ခိုက်မှုကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် ရေနံ့သာလူငယ်တပ်ဖွဲ့(Yenanthar Youth Force) တို့က ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက် နံနက်ပိုင်းက ကနီကျေးရွာအတွင်း ဗိဿနိုး PDF တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေး စည်းရုံးဆောင်ရွက်နေစဉ် စစ်တပ်သတင်းပေး(ဒလန်)များကြောင့် စစ်တပ်က အင်အား ၃၀ ခန့်ဖြင့် PDF တပ်ဖွဲ့ဝင်များ တည်းခိုသည့် နေအိမ်ကို ပိတ်ဆို့ပစ်ခတ်ရာတွင် PDF ရဲဘော်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြီး လက်နက်အင်အား လုံလောက်မှုမရှိသောကြောင့် ဗိဿနိုး PDF တပ်ဖွဲ့မှ အကြီးတန်း တာဝန်ခံ အပါအဝင် ရဲဘော် ၆ ဦး ကျဆုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရသည်။ ထိုတိုက်ခိုက်ခံရမှုအတွင်း တော်လှန်ရေးရဲဘော်များနှင့်အတူ ကနီကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သေဆုံးခဲ့သည်။