အောင်ပွဲများနေ့စဉ်ယူနိုင်ရေး အထူးကြိုးပမ်းကြရန် တော်လှန်ရေးအဖွဲ့များကို ညီနောင်သုံးဖွဲ့တိုက်တွန်း

Author အဂ္ဂ
Categories
Published on Jan 10, 2024

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှ ခွန်အားများဖြင့် စစ်ဆင်ရေးအရှိန် ဆက်လက်မြှင့်တင်ကာ တော်လှန်ရေးအောင်ပွဲများ နေ့စဉ်ရယူနိုင်ရေး အထူးကြိုးပမ်းကြရန် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်တွန်းကြောင်း ညီနောင်သုံးဖွဲ့၏ ယမန်နေ့ (ဇန်နဝါရီ ၉ ရက်)ညပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ညီနောင်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ၇၅ ရက်အတွင်း ရှမ်းမြောက်ရှိ  မြို့ပေါင်း (၁၅) မြို့နီးပါးနှင့် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၃၀၀) ဝန်းကျင်နှင့် ရက္ခိုင်နှင့် ချင်းပြည်တို့တွင်လည်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၅၀) ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများနှင့် ဟန်ချက်ညီစစ်ဆင်ရေးဟုဆိုကာ နိုင်ငံအနှံ့ရှိ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးသည် နီးစပ်ရာစစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ နိုင်ငံအနှံ့အပြားတွင် မြို့ပေါင်း (၁၅) မြို့နီးပါးနှင့် စစ်ကောင်စီစခန်းပေါင်း (၇၀) ဝန်းကျင်ကို သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေး ၇၅ ရက်တာအတွင်း စစ်ကောင်စီသည် နေ့စဉ်ရက်ဆက်ကဲ့သို့ နိုင်ငံတစ်ဝန်းရှိ အခြေစိုက်စခန်းများ၊ မြို့ကြီးများ၊ ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဂိတ်များကိုပါ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးထံ လက်လွှတ်ရသည်အထိ အထိနာလျက်ရှိသည်။

 

ထိုသို့ဖြစ်နေသည့် အခြေအနေတွင် “မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြုတ်စေရေးကို များစွာအထောက်အကူဖြစ်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်သည်” ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

 

၎င်းတို့၏ စစ်ဆင်ရေးနှင့်အတူရရှိလာသော စိတ်ဓာတ်ခွန်အားများသည် ယခုနှစ်များအတွင်းပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းများထံသို့လည်း တော်လှန်ရေးခွန်အား ဓာတ်ကူးပေးနိုင်ခဲ့ပြီးဖြစ်သည်” ဟုဆိုကာ စစ်ရေးအရှိန် ဆက်လက်မြှင့်တင်၍ တော်လှန်ရေးအောင်ပွဲများ နေ့စဉ်ရယူနိုင်ရေးအတွက် အထူးကြိုးပမ်းကြရန် တော်လှန်ရေးအဖွဲ့အစည်းများကို ညီနောင်သုံးဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင်  ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသတို့တွင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ညီနောင်သုံးဖွဲ့အနေဖြင့်လည်း ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသတို့တွင် သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များ၊ သိမ်းပိုက်ရန် ကျန်ရှိနေသည့် စခန်းများနှင့် မြို့ကြီးများတို့ကို အပြည့်အဝရယူရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။

Related News

Depend on news