ပရိမ္မကျေးရွာရှိ PDF စခန်းမှ လက်နက်ခဲယမ်းအချိူ့အား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး

Author မင်းထက်
Categories
Published on Jan 08, 2024

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာရှိ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းအား စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ကျောက်ရစ်အထိုင်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ကျေးရွာအတွင်း စီးနင်း၀င်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရကြောင်း၊  ကျေးရွာ ပြည်သူ့ကာကွယ်ရေး စခန်းမှ လက်လုပ် သေနက်နှစ်လက် ၊ ဆိုင်ကယ်တစ်စီး ၊   ထုပ်လုပ်ရေးသုံး စက်ပစ္စည်းများကို စုပုံ မီးရှို့သွား ကာ နံနက် ၅ နာရီခွဲခန့်က စစ်ကြောင်းပြန်ထွက်သွားကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

“မိုးလင်းအောင် ဒီကောင်တွေ မနေရဲဘူး ၊ မိုးလင်းရင် သူတို့ ပြန်တိုက်ခံရမှာ ကြောက်တယ်၊ စစ်ကြောင်း၀င်ရောက်ရခြင်းက ကျောက်ရစ် အထိုင်စခန်းက လွန်ခဲ့တဲ့ တစ်လလောက်က စစ်ကြောင်းမှုးလို့ပြောတာပဲ ဘာရာထူးလဲတော့ မသိဘူး အပြောင်းလဲလုပ်တယ် ၊ အခုလူက အသစ်ဆိုတော့ အလုပ်ပြတာပဲ ဖြစ်နိုင်တယ်” ဟု မြိုငသ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ပရိမ္မကျေးရွာသည်  အိမ်ခြေ ၈၀၀ ခန့်ရှိကျေးရွာကြီးတစ်ခုဖြစ်ကြောင်း ၊ ကျေးရွာတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ကင်းစခန်းရှိသော်လည်း လက်နက်လိုအပ်ချက်ကြောင့် စစ်ကြောင်းကို ခုခံနိုင်ခြင်းမရှိကြောင်း ၊ စစ်ကြောင်း အဝင်အထွက်ကိုသာ  ပြည်သူများထံ သတင်းပေးစောင့်ကြည့်နိုင်ရုံသာ ရှိကြောင်း သိရသည်။

 

” ကျေးရွာ ပကဖ စခန်းကတော့ ရွာထဲမှာဘဲ နေတယ်။ လူအင်အားလည်းနည်းတယ် လက်လုပ်ဘဲရှိတယ်။ မြို့နယ် ပကဖ တို့ Pdf local Pdf တွေကတော့ ရွာထဲမနေကြဘူး”  ဟု မြိုင်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

 

မြောင်မြို့နယ်၊ ပရိမ္မကျေးရွာတွင် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်းရေးအဖွဲ့အကြား ထိတွေ့မှု မဖြစ်ပွားခဲ့ကြောင်း ၊ ကျေးရွာအတွင်းစစ်ကြောင်း ၀င်လာပြီး တိမ်းရှောင်ပြည်သူများ ပြန်၀င်လာချိန်တွင် ပြည်သူပိုင် ဆန်အိတ် နှင့် ဆီပုံးအချို့ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် စစ်ကောင်စီအထိုင်ချ ကျောက်ရစ်စခန်းမှ  ရာထူးအပြောင်းအလဲလုပ်ပြီးနောက် ယင်းမြို့နယ် ရှိကျေးရွာများကို စစ်ကြောင်းထိုး၀င်ရောက်မှုမကြာခဏ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။