စစ်ကောင်စီတပ်သားများ မူဆာလေးတပ်စခန်းအား စွန့်ခွာထွက်ပြေး

Author လင်းနွေဦး
Categories
Published on Jan 08, 2024

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၊ တောအူး(တောင်ငူ)ခရိုင် ထောတထူ(ထန်းတပင်) မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု မူဆာလေးကျေးရွာရှိ စကခ (၂၀) လက်အောက်ခံ ခမရ – ၅၈၁မှ စစ်ကောင်စီတပ်သားများ စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ (၂)ရက်နေ့တွင် စွန့်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားတပ်မတော် KNLA တပ်ရင်း (၆)မှ စခန်းအား ရှင်းလင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းမူဆာလေးတပ်စခန်းမှာ မူဆာလေးကျေးရွာရှိ အမှတ်(၂) ရေအား လျှပ်စစ်ထုတ်လုပ်ရေး ရေကာတာအား လုံခြုံရေး ယူရန်အတွက် (၂၀၁၃)ခုနှစ်မှ စတင်ကာ စစ်ကောင်စီတပ်များမှ ၂၀၁၃ ခုနှစ်တွင် စတင် တပ်စွဲခဲ့သော စခန်းဖြစ်ပြီး တောင်ငူခရိုင်အတွင်း သုံးခု မြောက် စွန့်ခွာ တပ်စခန်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၃၁)ရက်တွင် တောင်ငူခရိုင်အတွင်းရှိ  ဖလေးဆာလို တပ်စခန်းအား လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့ မနက်ပိုင်းတွင် ကလောမီဒဲ တပ်စခန်းမှ လည်းကောင်း စစ်ကောင်စီတပ်သားများက တပ်စခန်းအသီးသီး စွန့်ခွာခဲ့ကြပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိသည်ဟု KNU မှ ထုတ်ပြန်ထားသည်။