ပလက်ဝက ခမောင်းဝစစ်ကောင်စီစခန်းကို AA သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Jan 03, 2024

ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်သော ခမောင်းဝစခန်းကို ရက္ခိုင့်တပ်တော်(AA)သည် ဇန်နဝါရီ ၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖော်ထုတ်ပြန်ချက်အရ သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး ၆၈ ရက်မြောက်နေ့တွင် သိမ်းယူရရှိခဲ့သည့် ပလက်ဝဒေသအတွင်းရှိ ခမောင်းဝစခန်းအပြင် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ စခန်းကြီး/ငယ်များနှင့် တစ်ဝက်တစ်ပျက် အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

 

ထို့ပြင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချထားသည့် တောင်ရှည်တောင် ဗျူဟာကုန်းကို အလုံးစုံသိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှလည်းကောင်း၊ အတွဲလိုက်ဒုံးအမြောက်အမြားသုံး၍လည်းကောင်း အပြင်းအထန်ပြန်လည်ခုခံနေကြောင်း သိရသည်။

 

ထို့ပြင် စစ်ကောင်စီက မင်းပြားမြို့ထဲသို့လည်း လက်နက်ကြီးများဖြင့် အကြိမ် (၃၀)ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်(၃)လုံး၊ အခြေခံပညာမူလတန်းကျောင်းနှင့် မင်းပြားမြို့မဈေးမှ ဆိုင်ခန်းများ ပြိုကျပျက်စီးခဲ့ရကြောင်း ဆိုသည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မြေပုံနှင့် စစ်တွေမြို့များတွင် စစ်ရေးအင်အား ကြိုတင်ပြင်ဆင်မှုများနှင့် ပိုမိုချဲ့ထွင်လာသည့် စစ်ကောင်စီသည် နိုင်ငံတကာတွင်တားမြစ်ထားသည့် Drop bomb များအသုံးပြုကာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုပြုလုပ်မှုများရှိနေကြောင်း၊ ထိုဗုံးများကြောင့် ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာမှ အသက်(၃)နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက် ညပိုင်းတွင် မြောက်ဦးခရိုင်ရဲစခန်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် နံနက်အစောပိုင်းတွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့အခြေကုတ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုတ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

 

ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်နှင့် ဒေသအချို့တွင် ညီနောင်မဟာမိတ်များနှင့် အောက်တိုဘာ ၂၇ ရက်မှစတင်တိုက်ခိုက်နေခဲ့သော်လည်း ရခိုင်ပြည်နှင့် ပလက်ဝဒေသတွင် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ရခိုင်ရှိ စစ်ကောင်စီစခန်းပေါင်း ၁၄၇ ခုသိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်ဟု AA ဘက်က ထုတ်ပြန်ထားသည်။