အထိနာခဲ့သည့် စစ်ကောင်စီတပ် မိုးဗြဲမှ ပြန်လည်ထွက်ပြေး

Author ခေတ်နီ
Categories
Published on Sep 13, 2022

ရှမ်း ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ရက်နေ့ကနေ့ စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ကရင်နီကာကွယ်ရေးတပ်များကြား တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် ပြန်လည်ထွက်ပြေးသွားပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များဟာ စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းကစပြီး ၎င်းတို့အခြေစိုက်ရာ ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့ဘက်ကိုအင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကရင်နီပူးပေါင်းအဖွဲ့များဖြစ်ကြသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF၊ကရင်နီတပ်မတော်KA၊မိုးဗြဲ PDF၊ဖယ်ခုံPDFအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ စစ်ကောင်စီဘက်က စက်တင်ဘာလ ၈ရက်နေ့တစ်နေ့တည်းမှာတင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်အများအပြားကို ပူးပေါင်းအဖွဲ့များဘက်က သိမ်းဆည်းရမိခဲ့တာကြောင့် စစ်ကောင်စီဖက်က တပ်ကူများဖြင့်အင်အားဖြည့်မှုများနှင့် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဟာ စက်တင်ဘာလ ၁၂ရက်နေ့မနက်ပိုင်းထိ ဖြစ်ပွားနေခဲ့တာပဲ ဖြစ်သည်။

“သူတို့မနေ့က နေ့လည်လောက်တည်းက ဆုတ်သွားတယ် မိုင်းတွေလဲထောင်ထားခဲ့တာနေရာတိုင်းပဲ နယ်မြေရှင်းလင်းရေးတော့လုပ်နေပြီ အရပ်သားတွေကိုတော့ အဲ့ဧရိယာကိုမဖြတ်ဖို့ပြောထားရတယ် ဒီနေ့တော့ သူတို့အိမ်တွေကနေပစ္စည်းပြန်ယူကြတဲ့သူတချို့တော့ရှိတယ် အိမ်တွေကနေလို့မရတော့ဘူးဆိုတော့ စစ်ရှောင်ဖို့အတွက် လိုတာလေးတွေပြန်ယူကြတာပေါ့ မိုင်းတွေတော့ရှိသေးတယ် နယ်မြေရှင်းလင်းရေးလုပ်ရင်းရှင်းသွားရမှာဟု”KNDF ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောသည်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့တပ်စွဲထားခဲ့သည့် မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်မှဘုရားကျောင်းကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် မိုးဗြဲမြို့အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုများနှင့် အတွဲလိုက်ဒုံးများကို ယနေ့ညပိုင်းထိ ပစ်ခတ်နေဆဲပဲဖြစ်တယ်လို့လဲ မိုးဗြဲPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၈ ရက်မှ ၁၂ရက်ထိ ၅ရက်တာကာလအတွင်းမှာ ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီဘက်က ၆၀ကျော်ထိသေဆုံးခဲ့ကာ ပူးပေါင်းအဖွဲ့များမှလဲ ရဲဘော် ၂ဦးကျဆုံးကာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ကလေးငယ်တစ်ဦး ဆုံးပါးခဲ့သည်။