တပ်ထဲပြန်ဝင်သူများ ရာထူးတစ်ဆင့်တက်သော်လည်း ပြန်မဝင်သည့် အကျဉ်းကျစစ်သားများ ထောင်ထဲပြန်ပို့ခံရ

Author CJ Platform
Categories
Published on Dec 19, 2023

စစ်ကောင်စီက အကျဉ်းကျစစ်သား(စစ်စည်း)များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ရာထူးတစ်ဆင့်တက်ပေးခဲ့သော်လည်း တပ်ထဲပြန်မဝင်သည့်သူများကို အကျဉ်းထောင်/အကျဉ်းစခန်းအသီးသီးသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

 

စစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကို စစ်မှုထမ်းရန်ဆန္ဒပြုပါက သာမန်ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးသွားမည့်အကြောင်း စစ်ကောင်စီမှထုတ်ပြန်ပြီးနောက် အကျဉ်းထောင်/အကျဉ်းစခန်းအသီးသီးရှိ စစ်စည်းအကျဉ်းသား( စစ်စည်းကမ်းဖောက်ဖျက်မှုဖြင့်ထောင်ကျနေသောစစ်သား)များကို စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်ထဲသို့ တာဝန်ပြန်လည်ထမ်းဆောင်ရန် ခေါ်ဆောင်သွားခဲ့သည်။

 

ထိုသို့တာဝန်ပြန်လည်ထမ်းဆောင်ရန် ခေါ်ဆောင်ရာတွင် သဘောထားမမေးမြန်းဘဲ တာဝန်ပြန်ထမ်းစေကြောင်း သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီအရာရှိကြီးပိုင်းများမှသိရှိပြီး သဘောထားများမေးမြန်းခဲ့ကြောင်း သိရသည်။

 

ယင်းသို့ သဘောထားများမေးမြန်းခဲ့ပြီးနောက် တာဝန်ပြန်လည်ထမ်းဆောင်လိုသူများကို ရာထူးတစ်ဆင့်တက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ တာဝန်ပြန်လည်ထမ်းဆောင်စေခဲ့ပြီး တာဝန်ထမ်းဆောင်ခြင်းမပြုလိုသူများကို မူလအကျဉ်းထောင်/အကျဉ်စခန်းများတွင် ပြစ်ဒဏ်ပြန်လည်ကျခံစေခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနမှ CJ Platform သတင်းဌာန၏ သတင်းရင်းမြစ်များထံမှ သိရသည်။

 

” လွတ်ငြိမ်းပေးတယ်လေ မဝင်ရင်မပေးဘူး။ စစ်ထဲပြန်ဝင်ရင် ရာထူးတစ်ဆင့်တက်နဲ့ လွတ်ငြိမ်းဝရမ်းပေးတယ်။ ကျွန်တော်တို့ အကျဉ်းစခန်းက လာခေါ်သွားသူအကုန်လုံးတော့ စခန်းကိုပြန်ရောက်လာတယ်။ ဘယ်သူမှ စစ်ထဲပြန်မဝင်ကြဘူး” ဟု စစ်ကောင်စီအကျဉ်းစခန်းတစ်ခုနှင့်နီးစပ်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

လက်ရှိ အကျဉ်းထောင်/အကျဉ်းစခန်းများသို့ပြန်ပို့ခံရသည့် စစ်စည်းအကျဉ်းသားများကို အလုပ်ခိုင်းစေခြင်း များမပြုလုပ်တော့ဘဲ အဆောင်တစ်ခုတွင် သီးခြားခွဲထားကြောင်း သိရသည်။

 

” ခေါ်သွားတဲ့သူအကုန်လုံးပါပဲ။ ပြန်ရောက်လာတာ သီးခြားခွဲထားရတယ်။ သူတို့ဆို တန်းထိုင်တာတွေ၊ ဘာတွေတောင်လုပ်မခိုင်းတော့ဘူး။ ထောင်ထဲမှာပဲ လွတ်လွတ်လပ်နေခိုင်းတဲ့သဘောမျိုးထားထားတယ်” ဟု CJ Platform ၏မေးမြန်းချက်ကို အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

 

စစ်မှုပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုလာသည့် သာမန်ပြစ်မှုကျူးလွန်သော တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဟုထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းဆောင်ရန် ဆက်သွယ်လာသူထောင်နှင့်ချီရှိကြောင်း ဒီဇင်ဘာ ၄ ရက်နေ့ကပြောကြားခဲ့သော်လည်း အကျဉ်းထောင်/အကျဉ်းစခန်း အသီးသီးရှိ ခေါ်ယူသွားသည့် စစ်စည်းအကျဉ်းသားအားလုံးနည်းပါးသည် အကျဉ်းထောင်/အကျဉ်းစခန်းများသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း CJ Platform သတင်းဌာနက စုံစမ်းသိရှိရသည်။