ကျန်းမာရေး CDM ဝန်ထမ်းများကို နွေဦးထီ ရန်ပုံငွေထဲမှ တစ်ဦး ငါးသောင်းကျပ်နှုန်း ထောက်ပံ့ပေးနေ

Author လင်းနွေဦး
Categories
Published on Dec 14, 2023

ကျန်းမာရေး CDM ဝန်ထမ်းများကို နွေဦးထီမှ ရရှိသော ရန်ပုံငွေများဖြင့် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်း ဆက်လက်ထောက်ပံ့ပေးနေကြောင်း CDM Medical Network(CDM MN)မှ တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ ပြောကြားသည်။

 

အာဏာသိမ်းမှုအပြီး စစ်ကောင်စီ၏ အစိုးရယန္တရား လည်ပတ်မှုအောက်တွင် ဆက်လက်မပါဝင်လိုသည့် ကျန်းမာရေး CDM အရေအတွက်သည် ယခုနှစ် နိုဝင်ဘာလအထိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းအရ (၄၅,၁၆၉) ဦးအထိ ရှိနေကြောင်း CDM MN ၏ တာဝန်ရှိသူက ဆိုသည်။

 

ယင်းကျန်းမာရေးဝန်ထမ်းများကို CDM လှုပ်ရှားမှု အားကောင်းသော ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ ထောက်ပံ့မှုများ ပေးနိုင်ခဲ့ပြီး ယခု ကာလတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာန(MoH)နှင့်ပူးပေါင်း ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း CDM MN မှ တာဝန်ရှိသူ ဒေါက်တာ စစ်မင်းနိုင်က ပြောကြားသည်။

 

“ဒီနောက်ပိုင်းမှာတော့ တော်လှန်ရေးရဲ့ တိမ်းညွှတ်မှုက ပုံစံတစ်မျိုးပြောင်းသွားတာကြောင့် တခြားသော ထောက်ပံ့မှုတွေကလည်း လိုအပ်လာတယ်။ အဲဒီတော့ CDM တွေကို ထောက်ပံ့မှု နည်းသွားတယ်ဆိုပေမယ့်လို့ နွေဦးထီကနေရတဲ့ ရန်ပုံငွေတွေနဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ CDM တွေကို တစ်ဦး ငါးသောင်းနှုန်းနဲ့ ထောက်ပံ့နေတာရှိပါတယ်” ဟု ဒေါက်တာ စစ်မင်းနိုင်က ပြောသည်။

 

၂၀၂၁ ခုနှစ် အစောပိုင်းကာလများသည် CDM ဝင်သူ အများဆုံးဖြစ်ခဲ့သကဲ့သို့ ထောက်ပံ့မှုအားလည်း ကောင်းခဲ့သော်လည်း ကောက်ယူရရှိသော စာရင်းအတွင်းမှ ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသာ ထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

လက်ရှိ CDM လုပ်သူများအတွင်း ပညာရေးကဏ္ဍဘက်မှ ဝန်ထမ်း တစ်သိန်းကျော်ဖြင့်အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် ကျန်းမာရေးဘက်က ၄၅၀၀၀ ကျော်ဖြင့် ရပ်တည်လျင်ရှိကြောင်း CDM MN ထံမှ သိရသည်။