စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နှင့် မြောက်ပိုင်းသုံးဖွဲ့တို့တွေ့သည်ဟု ထုတ်ပြန်သည့်နေ့တွင် စစ်ကောင်စီက MNDAA ကို အလစ်ဝင်တိုက်၊ ၆ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံး

Author ကိုထားဝယ်
Categories
Published on Dec 13, 2023

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့သည်ဟုထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ကိုးကန့် ရှီရှမ်းဒေသရှိ ကိုးကန့်တပ် MNDAA ခံတပ်ကို အလစ်ဝင်တိုက်ခဲ့သည့်အတွက် MNDAA တပ်သား ၆ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့်တပ်က ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့သည် ရှမ်းပြည်(မြောက်ပိုင်း)ကိုးကန့် ရှီရှမ်းဒေသ၊ တာရွှေထန် ကျေးရွာအုပ်စု၊ ဟုန်ရှိထုပ်ဟော်ရွာ၏ အနောက်တောင်ကုန်းရှိ MNDAA ၏ ခံတပ်ကို အလစ်အငိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ကို MNDAA ဘက်က တွေ့မြင်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့်တပ်က ဆိုသည်။

 

ထိုတိုက်ပွဲတွင် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် MNDAA က စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး MNDAA ဘက်မှ (၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် MNDAA တပ်သားသည် မူပန်(သိန္နီ)ခရိုင်၏ အနောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက်တွင် ထောင်ထားသော မိုင်းများကို ရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် မိုင်းပေါက်ကွဲမှုကြောင့် တပ်သားအချို့ထိခိုက်မှုများရှိခဲ့ကြောင်း ဆိုသည်။

 

ထိုဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ကုသစဉ် လမ်းခုလတ်၌ စစ်ကောင်စီ စကခ(၁၆)၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် MNDAA တပ်သားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ကိုးကန့်တပ် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထိုသို့ MNDAA ၏ တပ်စခန်း စစ်ကောင်စီတပ်၏ နှစ်ကြိမ်တိုက်ခိုက်ခံရသည့်နေ့ ဒီဇင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အဆိုပါ ဆွေးနွေးမှုကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီမှ တာဝန်ရှိသူများနှင့်  မြောက်ပိုင်းသုံးဖွဲ့ဘက်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရှမ်းမြောက်စစ်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

 

ထိုဆွေးနွေးပွဲ တိုးတက်မှုအပေါ် မူတည်ပြီး ယခုဒီဇင်ဘာလ လကုန်ပိုင်းတွင် ဆက်လက် ဆွေးနွေးသွားရန် ရှိနေကြောင်း ၎င်းက ဆိုထားသည်။ အဆိုပါ ဆွေးနွေးပွဲ လုပ်ဆောင်ခဲ့သည့် နေရာနှင့် နေ့ရက်အပြင် ဆွေးနွေးခဲ့သည့် အချက်အလက်များကို စစ်ကောင်စီဘက်က ယနေ့အချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

 

ထိုဆွေးနွေးပွဲတွင် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

 

ဓာတ်ပုံ – MNDAA

Related News

Depend on news