ကန့်ကွက်မှု ရှိနေသော်လည်း ချင်းပြည်ကောင်စီ ဖွဲ့စည်းပြီးကြောင်းကြေညာ၊ ⬛ ချင်းပြည် အခြေခံဥပဒေကို ထုတ်ပြလာ

Author လဂွန်းအိမ်
Categories
Published on Dec 08, 2023

ချင်းအဖွဲ့အချို့၏ ကန့်ကွက်မှုများရှိနေသော ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base၊ Chinland တွင် ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီကို ဖွဲ့စည်းပြီးကြောင်း ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကြေညာလိုကသည်။

 

အဆိုပါညီလာခံတွင် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ထောင်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီတည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ချင်းပြည်ကောင်စီကို ဒီဇင်ဘာ ၆ ရက်နေ့မှစတင် ဖွဲ့စည်းကြောင်း ကြေညာချက်အတွင်း ပါဝင်သည်။

 

ထို့ပြင် ချင်းပြည်ကောင်စီမှ လွှတ်တော်၊ အစိုးရအဖွဲ့ နှင့် တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီမှ ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃) ကိုလည်း ရေးဆွဲထုတ်ပြန်ထားသည်။

 

ထိုညီလာခံသို့ ချင်းအမျိုးသားတပ်ဦး(CNF)မှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊  ပြည်တွင်းပြည်ပ ဧည့်သည်များပါဝင်တက်ရောက်ခဲ့သည်ဟု ကြေညာချက်အတွင်း ဖော်ပြထားသည်။

 

ချင်းပြည်ကောင်စီညီလာခံကို ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် ဇိုမီးဖယ်ဒရယ်အစည်းအရုံးတို့ပါဝင်သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့တွင် တက်ရောက်မည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။