စခန်းငါးခု ထပ်မံသိမ်းယူနိုင်ခဲ့ပြီး သုံ့ပန်း ခြောက်ယောက်ကိုပါ ဖမ်းဆီးရမိဟု MNDAA ထုတ်ပြန် ကိုးကန့်တပ်သိမ်းယူနိုင်ခဲ့သည့် စခန်းပေါင်း (၂၀၂) ခု အထိရှိလာ

Author အဂ္ဂ
Categories
Published on Dec 04, 2023

၁၀၂၇ စစ်ဆင်ရေး (၃၈) ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ (‌ဒီဇင်ဘာ ၃) တွင် တုန်ရှမ်းဒေသရှိ စစ်ကောင်စီ တပ်စခန်း ငါးခုကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး မူပန် (သိန္နီ) ခရိုင်တွင်လည်း စစ်ကောင်စီတပ်သား ခြောက်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ကိုးကန့်တပ် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

သိမ်းယူနိုင်ခဲ့သော စခန်းငါးခုသည် တုန်ချိန်အပြင်ဘက် မာဟိုင်တောင်နေရာတွင် ယာယီတပ်စွဲထားသော စခန်းတစ်ခု၊ စန်းတာအိုင် တောင်အောက်ခြေတွင် တပ်စွဲထားသော ယာယီတပ်စခန်း သုံးခုနှင့် တုန်ရှမ်းဒေသ လောင်ရှုကုတ်ရွာ အနောက်ဘက်တောင်ကုန်းတွင် တပ်စွဲထားသော တပ်ရင်း (၅၂၇) စခန်း စသည့်စခန်းများ ဖြစ်ကြသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးကို ချေမှုန်းနိုင်ခဲ့ကာ ဒဏ်ရာရရှိသူ အချို့လည်းရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူပန် (သိန္နီ) ခရိုင်၊ မူပန်ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော ဒေသလုံခြုံရေးအဖွဲ့သည် ကိုးကန့်တပ်များ သိမ်းယူထားနိုင်ခဲ့သည့်  နမ့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အကြွင်းအကျန်ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ဝှက်ထားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိအချိန်တွက် ကိုးကန့်တပ် (MNDAA) သည် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စသည့် မြို့ငါးမြို့နှင့် တရုတ်- မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကျင်းစံကျော် နယ်စပ်ဂိတ်အပြင် စစ်ကောင်စီ၏ တပ်စခန်း ကြီး၊ သေး၊ ယာယီ တပ်စခန်းပေါင်း (၂၀၂) ခု သိမ်းဆည်းရမိထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

 

Photo – The Kokang