စစ်ကောင်စီနှင့် မသက်ဆိုင်သည့် ကိုယ်ပိုင် အင်တာနက်ကွန်ရက်တစ်ခု ထန်တလန်တွင် စတင် အသုံးပြုနိုင်ပြီဖြစ်

Author လဂွန်းအိမ်
Categories
Published on Dec 04, 2023

၂ နှစ်ကျော်ကြာ အင်တာနက်ပြတ်တောက်နေသည့် ထန်တလန်မြို့အား Team ZNET မှ အင်တာနက်ကွန်ရက် စနစ်တစ်ခု ဖန်တီးပံ့ပိုးနိုင်ခဲ့ကြောင်း ZNET မှ ဒီဇင်ဘာ (၃) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ZNET အမည်ဖြင့် (၁) နှစ် (၄) လကြာ အချိန်ယူ ဆောင်ရွက်ခဲ့ရသည့် အင်တာနက်ကွန်ရက်သည် Team ZNET၏ ကိုယ်ပိုင် အင်တာနက်ကွန်ရက်တစ်ခု ဖြစ်ပြီး A New Way To Connect ဆန်းသစ်သော အင်တာနက်ဆက်သွယ်ရေးစနစ် ကြိုးမဲ့အင်တာနက်စနစ်ဖြင့် ပြည်သူ့အုပ်ချုပ်ရေး ဌာနများနှင့် ပြည်သူ့ကာကွယ်ရေးစခန်းများအား  စတင်ပံ့ပိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အင်တာနက်လိုင်းများ (၂) နှစ်ကျော်ကြာ ဖြတ်တောက်ခံရသည့်အချိန်အတွင်း ထန်တလန်မြို့ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် အများပြည်သူအတွက် အလုပ်လုပ်နေသူများသာမက မြို့နယ်ပြည်သူများသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အန္ဒိယနိုင်ငံ ဖုန်းလိုင်းအစွန်းအဖျားများကို သုံးစွဲနေရခြင်းဖြစ်ပြီး ယင်းသို့  သုံးစွဲနိုင်ရန်အတွက် မိမိတို့နေရပ်မှ အနည်းဆုံး ၃/၄မိုင်အထိ သွားရောက်သုံးဆွဲခဲ့ရခြင်း ဖြစ်သည်။

 

အင်တာနက်ဆက်သွယ်ရေး ကွန်ရက်သည် တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အပြင် အုပ်ချုပ်မှုယန္တရားများ အတွက်လည်း လုံခြုံစိတ်ချရသော အင်တာနက်ကွန်ယက် အလွန်လိုအပ်သည့်အတွက် မိမိတို့ နည်းပညာအထောက်အကူပြုဌာန ZNET မှ ကြားကာလ ဆက်သွယ်ရေးအတွက် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အတွင်းတွင်လည်း ထန်တလန်မြို့၏ ၅၀ ရာခိုင်နှုန်း အင်တာနက်ရရှိရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

 

၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး ပြာကျခဲ့သော ထန်တလန်မြို့သည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဆက်သွယ်ရေးစနစ် ဖြတ်တောက်ခံရခြင်းဖြစ်ပြီး ယခုအခါ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာနတစ်ခုဖြစ်သည့် Team ZNET မှ အင်တာနက်ကွန်ရက်အား စတင်ပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ZNET