အမေရိကန်၏ ထင်ရှားသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဟင်နရီ ကစ်ဆင်းဂျား အသက် ၁၀၀ တွင် ကွယ်လွန်

Author လင်းနွေဦး
Categories
Published on Dec 01, 2023

အမေရိကန်ပြည်ထောင်စု နိုင်ငံရေးသမိုင်းတွင် ထင်ရှားပြီး ကမ္ဘာ့အရေးများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူ Henry Kissenger(ဟင်နရီကစ်ဆင်းဂျား)သည် အသက် ၁၀၀ တွင် ကွယ်လွန်ကြောင်း သိရသည်။

ကစ်ဆင်းဂျားသည် ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့တွင် အသက်(၁၀ဝ)ပြည့် မြောက်ပြီးနောက် လေးလအကြာ နိုဝင်ဘာ(၂၉)ရက် ဗုဒ္ဓဟူးနေ့တွင် လူကြီးရောဂါဖြင့် ဆုံးပါးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အသိုင်းအဝိုင်းမှ သေဆုံးရသည့်အကြောင်းအရင်းကို တိကျစွာ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

 

ကစ်ဆင်းဂျားသည် ၁၉၂၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ Bavaria(ဘာဗေးရီးယား)မြို့တွင် မွေးဖွားခဲ့ပြီး ဂျာမနီနိုင်ငံသားဖြစ်သော်လည်း ၁၉၄၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့ခြင်းဖြစ်သည်။ နိုင်ငံသားဖြစ်ဖြစ်ချင်းပင် ၁၉၄၃ မှ ၁၉၄၆ ခုနစ် အထိ သုံးနှစ်တာကာလအတွင်း ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်တွင် တပ်ကြပ်ကြီးရာထူးဖြင့် ပါဝင်တိုက်ခိုက်ခဲ့သည်။

 

ထို့နောက် ရီပက်ဘလစ်ကန်ပါတီသို့ဝင်ရောက်ပြီး အမေရိကန် နိုင်ငံရေးလောကတွင်းသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ (၁၉၅၀)ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှပေးအပ်သော နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ကာ ထိုမှတဆင့် ၁၉၅၄ ခုနှစ်တွင် Philosophy(အတွေးအခေါ်)ဘာသာရပ်အတွက် Ph.D ဘွဲ့အထိ ရယူနိုင်ခဲ့သည်။

 

၁၉၆၉ ခုနှစ်  ဇန်နဝါရီ (၂၀)ရက်နေ့မှ ၁၉၇၅ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၏ ၅၆ ယောက်မြောက် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအဖြစ် သမ္မတ Richard Nixon(ရစ်ချတ် နီဆွန်)နှင့် Gerald Ford(ဂရဲ့ဒ် ဖို့ဒ်)တို့လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ အမေရိကန်ပြည်ထောင်စု၏ ၇ ဦး​​မြောက် အတွင်းရေးမှူးအဖြစ်လည်း ၁၉၇၃ ခုနှစ်တွင် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

 

သူသည် ၁၉၆၉ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ဆိုဗီယက်(ရုရှား)နိုင်ငံနှင့် သက်ဆိုင်သော နိုင်ငံရေး တင်းမာမှုများ၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်းနှင့် နိုင်ငံရေးမူဝါဒများ အကောင်အထည်ဖော်ခြင်း၊ အမေရိကန်-ဗီယက်နမ် စစ်ပွဲကို အဆုံးသတ်စေမည့် Paris Peace Accords စာချုပ်များ စသည့် အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်သကဲ့သို့ အရေးပါသော ဆွေးနွေးညှိနှိုင်းမှုများကြောင့် ၁၉၇၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

 

သူ၏ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတကာ မှ “ကြီးမား သော ဆုံးရှုံးမှု” ဟု တင်စားကာ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ရေးသားပေးပို့ခဲ့ကြသည်။

 

တရုတ်နိုင်ငံကမူ ၎င်းတို့၏ နိုင်ငံပိုင် ဝက်ဘ်ဆိုက်တွင် “မင်းဟာ ငါတို့ တရုတ်ပြည်သူတွေရဲ့ ထာဝရသူငယ်ချင်းဖြစ်ပြီး ငြိမ်းချမ်းစွာအနားယူပါ” ဟု ရေးသားခဲ့ကာ ၎င်းပိုစ့်အောက်တွင် တရုတ်နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်သူများမှလည်း ဆုံးရှုံးမှုကြီးအတွက် ဝမ်းနည်းကြောင်းမှတ်ချက်များ ဝင်ရောက်ရေးသားခဲ့ကြသည်။

 

ကစ်ဆင်းဂျား မသေဆုံးမီကပင် ၎င်းကို “တရုတ်-အမေရိကန် ဆက်ဆံရေး၏ ရှေ့ဆောင်လမ်းပြဖခင်တစ်ဦးနှင့် ဗိသုကာကြီး တစ်ဦး” ဟု နိုင်ငံတကာနှင့် တရုတ်နိုင်ငံ တို့က အသိအမှတ်ပြုခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတည်ထောင်ခြင်းအခန်းကဏ္ဍ၏ အဓိကကျသူအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်သည်။

Related News

Depend on news