ကုန်းကြမ်းရှိ ခလရ(၁၂၅)တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်လာဟု MNDAA ပြောခွင့်ရှိသူ အတည်ပြု

Author အဂ္ဂ
Categories
Published on Nov 29, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လောက်ကိုင် လက်အောက်ရှိ ခလရ(၁၂၅)-ကုန်းကြမ်းတပ်ရင်း တစ်ရင်းလုံး ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်)တွင် လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက CJ Platform သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

 

“ဟုတ်ပါတယ်ဗျ၊။ မနေ့(နိုဝင်ဘာ ၂၈ ရက်)က အလံဖြူထောင်ပြီး အလင်းဝင်လာတာပါ” ဟု CJ Platform ၏ မေးမြန်းမှုကို အတည်ပြုဖြေကြားသည်။ သို့သော် အညံ့ခံ စစ်ကောင်စီတပ်သားဦးရေနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း အရေအတွက်တို့ကိုမူ စာရင်းပြုစုနေဆဲဖြစ်သည်ဟု လီကျားဝင်းက ဆက်လက် ပြောကြားသည်။

 

“လူဦးရေတို့၊ လက်နက်ခဲယမ်းအခြေအနေအသေးစိတ်တို့၊ ပြီးတော့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ဒါ ကျွန်တော်တို့ စာရင်းတွေဘာတွေ ကောင်းကောင်းမွန်မွန်ပြုစုပြီးရင်တော့ သတင်းအနေနဲ့ထုတ်ပြန်မှာပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက CJ Platform ၏ မေးမြန်းမှုကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

 

လတ်တလော အလင်းဝင်လာသည့်ကိစ္စနှင့် ကုန်းကြမ်းကို ထိန်းချုပ်နိုင်ပြီဆိုသည့် သတင်းသာ ၎င်းထံ တင်ပြလာကြောင်း၊ လက်နက်ချ အလင်ဝင်းလာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ထုတ်ပြန်ချက်များထုတ်ထားပြီးဖြစ်ပြီး ထိုထုတ်ပြန်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

 

“ဥပမာ အနေနဲ့ပြောရရင် ဟိုတလောက ခမရ(၁၂၉)ဆိုရင် အကုန်လုံးကို ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဗျ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၁၂) ရက်နေ့တွင် ဒကစ လောက်ကိုက်လက်အောက်ရှိ ခမရ(၁၂၉)မှ ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်(၁၂၆)ဦး၊ မိသားစုဝင် (၁၃၄)ဦးပါတင်သည့် တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်ခဲ့သဖြင့် စစ်ကောင်စီတပ်သားတစ်ဦးလျှင် (၁၀)သိန်းကျင်နှင့် မိသားစုဝင် တစ်ဦးလျှင် တစ်သိန်း ချီးမြင့်ကာ သွားလိုရာသို့ လုံခြုံစွာပို့ဆောင်ပေးခဲ့သေးသည်ဟု ကိုးကန့်တပ်(MNDAA) ထုတ်ပြန်ထားသည်။

 

ယမန်နေ့က MNDAA ထံသို့ အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာသည့် ခလရ(၁၂၅)သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လောက်ကိုင်လက်အောက်ရှိ တပ်ရင်းခုနစ်ခုအနက်မှ တစ်ခုဖြစ်သည်။

 

ပုံစာ – နိုဝင်ဘာ (၁၂) ရက်နေ့တွင် အလင်းဝင်ခဲ့သည့် ခမရ (၁၂၉)မှ တပ်သားနှင့် မိသားစုဝင်များကို လုံခြုံရာပို့ဆောင်ပေးနေစဉ်(ပုံဟောင်း)